ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသော ဘင်္ဂါလီအချို့မှာ တရားဝင် လက်ခံရေးစခန်းများမှမဝင်ရောက်ဘဲ နယ်စပ်ဖြတ်ကျော်ကာ ရေလမ်း၊ ကုန်းလမ်းများမှတစ်ဆင့် မြန်မာနိုင်ငံထဲသို့ ခိုးဝင်လာမှုများရှိကြောင်း ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဦးစီးဌာနမှူးရုံးမှ ပြည်နယ်မှူး ဦးအောင်မင်းက ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရောက်ရှိနေသူများက မောင်တောနယ်စပ် ငါးခူရအနီးရှိ နယ်စပ် ရေလမ်းကြောင်း၊ တောင်ပြိုလယ်ဝဲရှိ ကုန်းလမ်းကြောင်းတို့မှ အများဆုံး ဝင်ရောက်ကြောင်း ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးထံမှ သိရသည်။
ခိုးဝင်သူများကို ဖမ်းဆီးရာတွင် နေ့စဉ်နှင့်အမျှ ဖမ်းမိနေပြီး အရေအတွက်အားဖြင့် တိကျစွာ ပြော၍ မရကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဘက်မှ ခိုးဝင်လာသူများကို တောင်ပြိုလက်ဝဲ အနီးပတ်ဝန်းကျင်နှင့် ငခူရ အနီးပတ်ဝန်းကျင်တို့တွင် အများဆုံး ဖမ်းမိကြောင်း အဆိုပါရုံးထံမှ သိရသည်။
“နယ်စပ်ရှိတဲ့နေရာတိုင်းမှာ ခိုးဝင် ခိုးထွက်ရှိတယ်၊ အခုမှ ဒီကိစ္စပေါ်ပေါက်လာတာ မဟုတ်ဘူး၊ ဘင်္ဂလားနယ်စပ်မှာမှ ဒီပြဿနာရှိတာ မဟုတ်ဘူး၊ နယ်စပ်တိုင်းမှာရှိတယ်”ဟု ရခိုင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ ပြည်နယ်မှူး ဦးအောင်မင်းက ပြောကြားသည်။
ခိုးဝင်လာသော နိုင်ငံခြားသားများကို လဝက အက်ဥပဒေ ပုဒ်မ ၃(၁)၊ ၁၃ (၁) တို့ဖြင့်အရေးယူကြောင်း နိုင်ငံသားဖြစ်ပြီး တစ်ဖက်နိုင်ငံသို့ တရားမဝင် သွားရောက်ကာ ပြန်လည် ဝင်ရောက်လာသူများအား ဖမ်းဆီးရမိလျှင် ပုဒ်မ ၃(၂)၊ ၁၃(၁) တို့နှင့် အရေးယူ ဆောင်ရွက်နေကြောင်း ၎င်းက ရှင်းပြသည်။
ပုဒ်မ ၁၃(၁) ဖြင့် အရေးယူခံရပါက ထောင်ဒဏ် ၆ လမှ ထောင်ဒဏ် ၅ နှစ် အထိဖြစ်စေ၊ ငွေဒဏ်ကျပ် ၁၅၀၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်ဖြစ်ကြောင်း၊ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လက်တတော ပြဋ္ဌာန်းချက်များ) အက်ဥပဒေတွင် ဖော်ပြထားသည်။
မေလဆန်းပိုင်းက နယ်ခြားစောင့်တပ်များ ကင်းလှည့်နားနေချိန် နံနက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် နယ်စပ်ဖြတ်ကျော်ကာ ရေကြောင်းလမ်းမှ ခိုးဝင်လာသော ဘင်္ဂါလီသုံးဦးကို ဖမ်းမိခဲ့ပြီး လဝက အက်ဥပဒေဖြင့် အရေးယူထားကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ပြောကြားသည်။
“ချောင်းဘက်ကနေ ဝင်လာတဲ့ ခိုးဝင်လာသူ သုံးယောက်ကို ဖမ်းမိတယ်။ ကျွန်တော်တို့ တရားဝင်လက်ခံနေတာကို ဘာလို့ ခိုးဝင်လာတာလဲ၊ ကျွန်တော်တို့ လက်မခံဘူး”ဟု ၎င်းက ပြောဆိုသည်။
ဧပြီလ ၂၈ ရက်က မောင်တောမြို့နယ် မြောက်ပိုင်း နတ်ချောင်းကျေးရွာ အုပ်စု ဖောင်ဆိပ်ချောင်း တောထဲ၌ အကြမ်းဖက်သမားဟု ဆိုဆက်ရသူ သုံးဦးအား ဖမ်းဆီးရမိခဲ့သည့်အပြင် မောင်တောမြို့နယ် နတ်မြစ်တွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများထံမှ WY စိတ်ကြွဆေးပြားများလည်း မကြားခဏ ဖမ်းမိခဲ့သည်။
ယခင်ကလည်း တရားမဝင် နယ်စပ်ဖြတ်ကျော်သွားလာခြင်းကြောင့် မောင်တောဒေသ၌ ဘင်္ဂါလီလူမျိုး လူဦးရေ အဆမတန် များပြားလာပြီး အကြမ်ဖက် တိုက်ခိုက်မှုတို့ ဖြစ်ပွားခဲ့သဖြင့် နယ်စပ် လုံခြုံရေးကို တိုးမြှင့်ရန်လိုအပ်ကြောင်း စစ်တွေမြို့ ဒေသခံ ဦးစံအေးလှက ရှင်းပြသည်။
“အရင်ကလည်း ဝင်ချင်သလိုဝင် ထွက်ချင်သလို ထွက်ကြနဲ့ ပဋိပက္ခတွေ တစ်ကြိမ်မက ဖြစ်တယ်။ ဒါတွေကို အစိုးရကတော့ နယ်စပ်ကို တော်တော်ကို အရေးတစ်ကြီးနဲ့ စောင့်ကြည့်ကြပ်မတ်ဖို့လိုတယ်။ ပြဿနာတွေ ထပ်မဖြစ်အောင်ပေါ့”ဟု မောင်တောမြို့မှ ကိုကျော်အေးထွန်းက ဆိုသည်။
တစ်ဖက်နိုင်ငံမှ ပြန်လည် ဝင်ရောက်လာသူများကို လက်ခံရန်အတွက် မောင်တောမြို့နယ် မြောက်ပိုင်းတွင် တောင်ပြိုလက်ဝဲ လက်ခံရေးစခန်းနှင့် မြောက်ပိုင်း၌ ငခူရလက်ခံရေး စခန်းများကို ဖွင့်လှစ်ထားသော်လည်း နယ်စပ် မျဉ်းပေါ်နေထိုင်ကြသော မိသားစုဝင် ၅ ဦးသာ တရားဝင် ပြန်လည် ဝင်ရောက်လာသည်။
The Voice

No comments:
Post a Comment