၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်အချိန်ခန့်က မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ သုံးဆယ်ဝင်းဓမ္မာရုံ ဘုရားပွဲကျင်းပနေစဉ် တစ်ဖက်ခြမ်းလမ်းပေါ်ရှိ "ပန်းလေပြေ" ရှမ်းထမင်းဆိုင်ရှေ့တွင် ရပ်ထားသော ဆိုင်ကယ်တစ်စီးမှာ ပေါက်ကွဲမှုကြောင့်မီးလောင်ခဲ့ပြီး အမျိုးသားတစ်ဦးတွင် မျက်နှာ၊ ရင်ဘတ်၊ ဝမ်းဗိုက်နှင့် ဝဲပေါင်တို့တွင် ပေါက်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် ချမ်းအေးသာစံမြို့မရဲစခန်း (ပ)၄၅၇/၂၀၁၇၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၃ ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေး ဆောင်ရွက်ခဲ့သည့် အမှုမှ လက်သည်တရားခံကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးနိုင်ပြီဖြစ်သည်။
ယင်း ပေါက်ကွဲမှုဖြစ်လျင်ဖြစ်ခြင်း ရဲအမှုစစ်အဖွဲ့က အခင်းဖြစ်နေရာအား အသေးစိတ်စစ်ဆေးရာ MICRO Hand Set (အဖြူရောင်) (၁)လုံး (Sim Card ပါ)အား ဝိုင်ယာကြိုးအနီ/နက် နှစ်ပင်ထွက်လျက် တိပ်ပတ်ထားလျက်လည်းကောင်း၊ ပြန့်ကျဲနေသည့် သံတိုသံစများ၊ ပလတ် စတစ်စများအားလည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး သိမ်းဆည်းရမိသည့် ပစ္စည်းများအား စိစစ်ချက်အရ ပေါက်ကွဲမှုဖြစ်စေရန် ဓာတုပစ္စည်းများကို သတ်မှတ်အချိုးအစားဖြင့်ရောစပ်၍ လူကို ထိခိုက်အန္တရာယ်ဖြစ်စေမည့် သံတိုသံစများရောစပ်ကာ Hand Phone ကို အစပျိုးပေါက်ကွဲစေမှု အဖြစ် ချိတ်ဆက်၍ ၎င်းဖုန်းနံပါတ်ကို တစ်နေရာမှခေါ်ဆိုပြီး လျှပ်စစ်ဓာတ်အစပျိုးစတင်စေကာ ပေါက်ကွဲမှုကို ဖြစ်ပေါ်စေကြောင်း တွေ့ရှိခဲ့ရသည်။
အစပျိုးပေါက်ကွဲမှု ဖြစ်ပေါ်စေသည့်ဖုန်းကို ၎င်းအချိန်ဖုန်းခေါ်ဆိုဆက်သွယ်ခဲ့သည့် နံပါတ်အား ဖော်ထုတ်ရရှိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ဖောက်ခွဲခဲ့သူမှာ မြစ်ကြီးနားမြို့၊ အေးစေတီ ရပ်ကွက်နှင့် ဖားကန့်မြို့နယ်၊ မမုံကျေးရွာတို့နေ အောင်မြင့်ဇော်(ခ) အောင်မင်းဇော်(ခ)ဟူစိန်(၂၀)နှစ်၊ (ဘ)ဦးသိန်းဇော် (ခ)ဇာဖောအာလီ ဖြစ်နိုင်သည်ဟု သုံးသပ်တွေ့ရှိရပြီး၊ တရားခံမှာ တိမ်းရှောင် နေသောကြောင့် ဖမ်းဆီးရမိရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စဉ်ဆက်မပြတ်စုံစမ်းထောက်လှမ်းနေခဲ့ရာ တရားခံကို ၂၀၁၈ ခုနှစ်၊ မေလ ၃ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်၊ ၆၇ လမ်း၊ ၄၁×၄၂ လမ်းကြားရှိ “အေးရိပ်ငြိမ်” အမျိုးသားဘော်ဒါဆောင်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ကနဦးစစ်ဆေးချက်များအရ တရားခံမှ ထွက်ဆိုရာတွင် ၎င်းသည် မန္တလေးဆေးဝါးတက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်ပြီး ဆေးဝါးတက္ကသိုလ်၏ မျက်နှာချင်းဆိုင် တောတွင်ကျေးရွာရှိ “ရွှေဆင်မင်း” အဆောင်တွင် ငှားရမ်းနေထိုင် ကျောင်းတက်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်၊ ဇွန်လခန့်က Facebook တွင် လုပ်ကြံလီဆယ်ဝါဒဖြန့်သည့် သတင်းများအရ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ပတ်သက်သည့် ဓာတ်ပုံနှင့်ဗွီဒီယိုဖိုင်များကို မြင်တွေ့ရသဖြင့် ဖောက်ခွဲဖျက်ဆီးရေးလုပ်ဆောင်ရန် နည်းလမ်းများကို လေ့လာခဲ့ရာ အင်တာနက်တွင် တင်ထားသည့် ပြည်ပအကြမ်းဖက်သမားများ ဖောက်ခွဲမှုပြုလုပ်ရာ၌ အသုံးပြုသည့် နည်းစနစ်များကို လေ့လာခဲ့ကြောင်း၊ ဈေးကွက်တွင် အလွယ်တကူဝယ်ယူရရှိနိုင်သည့် ဓာတုပစ္စည်းများအား ဝယ်ယူစုဆောင်း၍ ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် ၎င်းနေထိုင်ရာ တောတွင် ကျေးရွာရှိ “ရွှေဆင်မင်း” အဆောင်၏နောက်ဘက်၌ (၂)ကြိမ်ခန့် အသေးစား စမ်းသပ်ဖောက်ခွဲကြည့်ရာ အောင်မြင်ခဲ့ကြောင်း၊ ထိုသို့ စမ်းသပ်ပြီးနောက် လက်တွေ့ဖောက်ခွဲရန် အခင်းဖြစ်နေ့ ည(၈)နာရီ အချိန်ခန့်တွင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ ဘုရားပွဲပြုလုပ်သည့် နေရာသို့ ၎င်းပိုင် ဆိုင်ကယ်ဖြင့် တစ်ဦးတည်း သွားရောက်ခဲ့ကြောင်း၊ ၎င်းရောစပ်ပြုလုပ်ထားသည့် ဓာတုပစ္စည်းများ၊ ချိတ်ဆက်အသုံးပြုသည့် ဖုန်း Hand Set နှင့် သံတိုသံစတို့အား ကြွပ်ကြွပ်အိတ် အတွင်းထည့်ကာ အလုံချည်၍ ဘုရားပွဲအနီး တွေ့ရှိရသော ဆိုင်ကယ်၏ ယာဘက်လက်ကိုင်တွင် ချိတ်ဆွဲထားခဲ့ကြောင်း၊ ၎င်းနောက် ပွဲခင်းအပြင်သို့ထွက်ကာ ၎င်းအသုံးပြုသည့် လက်ကိုင်ဖုန်းဖြင့် ပေါက်ကွဲစေသည့် ပစ္စည်းများရောထည့်ထားသော လက်ကိုင်ဖုန်းသို့ခေါ်ဆိုခဲ့ရာ ပေါက်ကွဲသံကြားခဲ့ ရကြောင်း၊ နောက်နေ့ညနေပိုင်းတွင် မိဘများ ကျောက်တူးလုပ်ငန်း လုပ်ကိုင်နေထိုင်သည့် ဖားကန့် မြို့နယ်၊ မမုံကျေးရွာသို့ ခရီးသည်တင်ယာဉ်ဖြင့် ပြန်သွားခဲ့ပြီး ဖခင်ဖြစ်သူအား ဖြစ်စဉ်ကိုပြောပြ ခဲ့ရာ ဖခင်ဖြစ်သူမှ ဆူပူသဖြင့် နောက်တစ်ရက်တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့၊ ကျောက်ဝိုင်းအနီးရှိ အစ်ကိုဝမ်းကွဲတော်စပ်သူ ဇက်ကရီယာထံ သွားရောက်၍ တစ်လခန့် နေထိုင်နေခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် မန္တလေးမြို့သို့ ပြန်လာခဲ့ကာ မဟာအောင်မြေမြို့နယ်၊ ၅၉ လမ်း၊ ၄၁×၄၂ လမ်းကြားရှိ သူငယ်ချင်းဖြစ်သူ၏ နေအိမ်တွင် ရက်(၂၀)ခန့် တည်းခိုနေထိုင်ခဲ့ကြောင်း၊ ၎င်းနောက် မိဘများရှိရာ မမုံရွာသို့ ပြန်သွားခဲ့ကာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် “ရွှေဆင်မင်း” အဆောင်သို့ ပြန်လာပြီး တတိယနှစ်ကို ပြန်လည်တက်ရောက်ခဲ့ကြောင်း၊ ဒုတိယနှစ်ဝက် သင်တန်းတွင် မဟာအောင်မြေ မြို့နယ်၊ မဟာမြိုင် (၁)ရပ်ကွက်၊ ၆၇ လမ်း၊ ၄၁×၄၂ လမ်းကြားရှိ “အေးရိပ်ငြိမ်” အမျိုးသား အဆောင်သို့ ပြောင်းရွှေ့နေထိုင်ခဲ့စဉ် ဖမ်းဆီးခြင်းခံခဲ့ရကြောင်း စစ်ဆေးသိရှိရသည်။
အမှုနှင့်ပတ်သက်၍ တရားခံနှင့်ကျောင်းအတူတက်ခဲ့သူ ၎င်း၏သူငယ်ချင်းများအား ဆက်လက် စစ်ဆေးအတည်ပြုရာ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ တရားခံနှင့် သမီးရည်းစားဖြစ်ခဲ့သူမှ တရားခံသည် စိတ်ခံစားချက်များအရ ဗုံးခွဲသတ်ဖြတ်မည်ဟု ပြောပြခဲ့ဘူးကြောင်း၊ အခင်းဖြစ်နေ့ ၂၈-၉-၂၀၁၇ ရက်နေ့ ည (၁၀)နာရီအချိန်ခန့်တွင် တရားခံမှ ၎င်းထံသို့ ဖုန်းဆက်၍ ဘုရားပွဲ၌ ဗုံးခွဲခဲ့သည်ဟု ပြောပြခဲ့ကြောင်း၊ Facebook တွင် သတင်းများတက်နေသဖြင့် ကြည့်ရှုရန်ပြော ခဲ့ကြောင်း၊ တရားခံမှ ခြိမ်းခြောက်ထားမှုများရှိနေသဖြင့် အခြားသူများအား ပြန်လည်ပြောဆိုမှုများ မရှိခဲ့ကြောင်း၊ တရားခံနှင့် အဆောင်တွင် အတူနေထိုင်သူတစ်ဦးအားမေးမြန်းရာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လခန့်က ၎င်းသည် တရားခံနှင့်အတူ မန္တလေးမြို့ရှိ (အမည်မသိ)ဓာတုပစ္စည်းများရောင်းချသည့် ဆိုင်သို့ ဓာတုပစ္စည်းများဝယ်ယူရာတွင် လိုက်ပါခဲ့ဘူးကြောင်း၊ တရားခံ၏စိတ်တွင် နာကျဉ်းစိတ်ရှိ နေကြောင်း၊ တရားခံနှင့်ခင်မင်သူ အခြားသူတစ်ဦးမှလည်း ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (နေ့ရက်မမှတ်မိ) ခန့်က “ရွှေဆင်မင်း” အဆောင်၏ အနောက်ဘက်မှ အသေးစား ပေါက်ကွဲသံကြားရ၍ သွားရောက် ကြည့်ရှုရာ တရားခံမှ ဗျောက်အိုးဖောက်သည်ဟု ပြောပြသိရှိရကြောင်း၊ အဆောင်ရှိ တရားခံ၏ အခန်းတွင်း၌ ဓာတုပစ္စည်းများ၊ ဖန်ပေါင်းအိုးများ၊ ပလတ်စတစ်ပိုက်များကို တွေ့မြင်ခဲ့ဘူးကြောင်း၊ အချို့ Facebook Account များတွင် ဖော်ပြနေသည့် ဖောက်ခွဲရေးပစ္စည်းများ အသုံးပြုပုံ နည်းလမ်းများ လေ့လာထားသည်ကို ပြောပြသိရှိကြောင်း၊ စမ်းသပ်ဖောက်ခွဲပုံကို Aung Myint Zaw Account မှ ပြန်လည် ဖြန့်ဝေထားမှုရှိခဲ့ကြောင်း ပြောပြခဲ့ဘူးသည်ဟု စစ်ဆေးသိရှိရပါသည်။
သို့ဖြစ်၍ ဖမ်းဆီးရမိသူအား တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် မသင်္ကာဖွယ်ဓာတုပစ္စည်း(အရည်/ အစိုင်အခဲ)များ တွေ့ရှိပါက သက်ဆိုင်ရာသို့ အမြန်ဆုံးအကြောင်းကြားနိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က မေတ္တာရပ်ခံထားကြောင်း သိရသည်။
Source - မြန်မာနိုင်ငံရဲတပ်ဖွဲ့
Popular News Journal












0 comments:
Post a Comment