Wednesday, May 9, 2018

ဖားကန့် ကျောက်စိမ်းတွင်းက လုပ်သားများ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရ


ကမ္ဘာ့အရည်အသွေးမြင့်ကျောက်စိမ်းတွေ ထွက်ရှိရာ ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းတွင်းဒေသက ကျောက်စိမ်းမိုင်းတွင်း လုပ်သားတွေဟာ အလုပ်သမားအခွင့်ရေးေ တွ အမြဲချိုးဖောက်ခံနေရတယ်လို့ သက်ဆိုင်ရာကို တိုင်ကြားပါတယ်။

ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု မှော်ပုံကျေးရွာအနီးမှာ အခြေစိုက်တဲ့ ရတနာအဓိပတိ ကျောက်မျက် ကုမ္ပဏီက ဝန်ထမ်း ၃၀၀ နီးပါးလောက်ဟာ လုပ်ခလစာတွေကို ဖြတ်တောက်ခံနေရလို့ မေ ၉ ရက်မှာ  ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးကို လာရောက် တိုင်တန်း ခဲ့ကြပါတယ်။

ရတနာအဓိပတိကုမ္ပဏီဟာ အလုပ်ဝင်ခါစ လုပ်ငန်းရာသီစချိန်မှာ အလုပ်လာလျှောက်တဲ့ အလုပ်သမားတွေကို အခြေခံလုပ်ခလစာ ကွက်လပ်၊ အသိသက်သေ ကွက်လပ်၊ တာဝန်ခံ ကွက်လပ်၊ အလုပ်သမားဝန်ကြီးဌာ စိစစ်ပြီး နေရာမှာလည်း ကွက်လပ်၊ တံဆိပ်တုံး လက်မှတ်မပါတဲ့ စာရွက်ပေါ်မှာ လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ရတနာအဓိပတိ ကုမ္ပဏီမှာ ယဉ်မောင်းလုပ်ခဲ့တဲ့ အလုပ်သမားခေါင်းဆောင် ကိုနိုင်ဝင်းဇော်က “စဝင်တုန်းက အခြေခံလုပ်ခလစာ ငါးသိန်းလို့ ပြောတယ်။ လစဉ် နှစ်သိန်းခွဲ ထုတ်ပေးမယ်။ နှစ်သိန်းခွဲ ချန်မယ်။ ချန်ထားတဲ့ နှစ်သိန်းခွဲကို ရာသီအပြီး သိမ်းတဲ့အခါ (မိုးရာသီ လုပ်ငန်းသိမ်းချိန်)မှ ပေါင်းထုတ်ပေးမယ်ပေါ့။ ဒီကြားထဲမှာ အကြောင်းအမျိုးမျိုးကြောင့် ကုမ္ပဏီက ထွက်သွားရင် ကျန်ထားတဲ့ လစာတွေ အဆုံး။ အဲဒီလို သဘောတူခဲ့တာပါ” လို့ ပြောပါတယ်။

ကုမ္ပဏီက ဝန်ထမ်းလုပ်သားတွေကို တရက် ရှစ်နာရီသာ အလုပ်လုပ်ရမယ် ပြောဆိုခဲ့ပေမယ့် တရက် ကိုးနာရီ တနာရီပိုပြီး အလုပ်ခိုင်းခဲ့တဲ့အပြင် တရာသီလုံးမှာ သင်္ကြန်ရက် တရက်နဲ့ မြန်မာနှစ်ဆန်းတရက်နေ့ စုစုပေါင်း နှစ်ရက်သာ နားရက်ပေးခဲ့တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

အခြေခံအလုပ်သမားအခွင့်အရေး ဥပဒေမှာ တပတ်ကို တရက် နားခွင့်ပေးရမယ် တရားဝင်အစိုးရရုံးပိတ်ရက် နေ့ထူးနေ့မြတ်တွေမှာ နားရက်ပေးရမယ်လို့ ပါရှိထားပေမယ့် မိုင်းလုပ်သားတွေဟာ နားရက်မရှိဘဲ အလုပ်လုပ်နေကြရတယ်လို့လည်း ဆိုပါတယ်။ ဒီအတွက် ခုရာသီသိမ်းလို့ ကုမ္ပဏီနဲ့ လုပ်ခလစာ စာရင်းရှင်းချိန်မှာ မိုင်းလုပ်သားတွေနဲ့ ကုမ္ပဏီ လစာကိစ္စကနေစပြီး ပြဿနာတက်ခဲ့တာပါ။

အလုပ်သမား ခေါင်းဆောင် ကိုနိုင်ဝင်းဇော်က “ကျနော်တို့ တောင်းဆိုတာက လစဉ်မထုတ်ဘဲ ချန်ထားတဲ့ နှစ်သိန်းခွဲရယ်၊ တပတ်ကို နားရမယ့် တရက်ကို မနားခိုင်းဘဲ လုပ်ခိုင်းတဲ့ တရက်က အချိန်ပိုလုပ်ခ OT ကြေးရယ်၊ တရက်ကို တနာရီ ပိုလုပ်ရတဲ့ အချိန်ပို (OT) ကြေးရယ်၊ အခါကြီးရက်ကြီးတွေမှာ အလုပ်ခိုင်းခဲ့တဲ့ OTကြေးရယ် ရရင် ကျေနပ်ပါတယ်” လို့ ပြောပါတယ်။

အခုလို မိုးရာသီရောက်လို့ စာရင်းရှင်းချိန်မှာ မူလက သဘောတူထားတဲ့ အခြေခံလစာ ငါးသိန်းကို နှစ်သိန်းခွဲလို့ ကုမ္ပဏီက ပြောနေပြီး မထုတ်ဘဲ လစဉ်ချန်ထားတဲ့ နှစ်သိန်းခွဲဟာ အချိန်ပိုကြေးတွေ ဖြစ်တယ်လို့ ကုမ္မဏီက အလုပ်သမားတွေကို ပြောဆိုနေတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရတနာအဓိပတိ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီက တာဝန်ရှိ သူတွေကို ဒီဗွီဘီက ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဖားကန့်မြို့နယ် ဒုအထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ကတော့ “မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့နဲ့ တရားဥပဒေဘောင်အတွင်းက ဖြေရှင်းပေးဖို့ စီစဉ်ထားတယ်” လို့ ဆိုပါတယ်။

မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေ မြို့မိမြို့ဖတွေ ပါဝင်ဖွဲ့စည်းထားတယ်လို့လည်း ဒုအထွေထွေအုပ်ချုပ်ရေးမှူးက ဆက်လက်ပြောဆိုခဲ့ပါတယ်။

ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးကတော့ “လောလောဆယ် ညှိနှိုင်းနေတုန်း။ ဘာမှ ပြောလို့မရသေးဘူး အခုကိစ္စကို ကူညီဖြေရှင်းပေးဖို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ရောက်ရှိနေပြီး တိုင်ကြားတဲ့ ကုမ္ပဏီဝန်ထမ်းတွေ၊ ရတနာအဓိပတိ တာဝန်ရှိသူတွေ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပေးဖို့ ရောက်ရှိနေတယ်” လို့ ပြောပါတယ်။

ကိုနိုင်ဝင်းဇော် ဦးဆောင်တဲ့ အလုပ်သမား ၃၀၀ နီးပါးဟာ ရတနာအဓိပတိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီကို သူတို့ တောင်းဆိုတာတွေ မရဘူးဆိုရင် ရန်ကုန်နဲ့ မန္တလေးမှာ ရှိတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (အိုင်အယ်လ်အို) ရုံးတွေကို တိုက်ရိုက် တိုင်ကြားသွားမယ်လို့လည်း သိရပါတယ်။

ရတနာအဓိပတိ ကုမ္ပဏီဟာ ၂၀၁၇ ခုနှစ် လုပ်ငန်းရာသီ သိမ်းချိန်ကလည်း အခုလိုမျိုး ပြဿနာတွေ ရှိခဲ့ဖူးတယ်လို့ အဲဒီကုမ္ပဏီမှာ လုပ်ခဲ့ဖူးတဲ့ လုပ်သားဟောင်းတွေဆီက သိရပါတယ်။

သတင်း – ဇော်မိုးထက်(ဖားကန့်)
DVB

0 comments:

Post a Comment