Monday, May 7, 2018

ကရင်နီဒုက္ခသည် အ​ယောက်​ ၂၀ ပြည်​တွင်း ပြန်လာအခြေချ


ထိုင်း-မြန်မာနယ်စပ် ကရင်​နီအမှတ်​-၁ ဒုက္ခသည်​စခန်းက ဒုက္ခသည်​အ​ယောက်​ ၂၀ ဟာ ​ စားနပ်​ရိ​က္ခာအခက်​အခဲ​​တွေ​ကြောင့် ပြည်​တွင်းမှာ ပြန်​လည်​အ​ခြေချ​နေထိုင်​ဖို့အတွက်​ မေလ ၇ ရက်​​က နယ်​စပ်​အမှတ်​ ၁၃ လမ်းက ပြန်​လည်​ဝင်​​ရောက်​လာခဲ့ကြပါတယ်​။

ကရင်​နီအမှတ်​ ၁ ဒုက္ခသည်​စခန်းမှာ ပုံမှန်​​ထောက်​ပံ့​ပေး​နေတဲ့ စားနပ်​ရိက္ခာတွေကို ​လျှော့ချလိုက်​တာ​ကြောင့် စခန်းမှာ ဆက်​ပြီး​ နေထိုင်​ဖို့ ခက်​ခဲတဲ့အတွက်​ ပြန်​လာကြတာလို့ ကရင်​နီဒုက္ခသည်​စခန်းက ပြန်​လာတဲ့ ကို​စောထူး​ဝါးကပြောပါတယ်။

“ဟိုဘက်​မှာ အဆင်​မ​ပြေလို့၊ ဆန်​​တွေ လျှော့ချလို့ ပြန်​လာတာပါ။ ဟိုးအရင်​တုန်းက​တော့ ပြည့်စုံတယ်​၊ အခုက​တော့ တဖြည်းဖြည်း ​လျှော့ချလို့ ဒီဘက်​ပြန်​လာတာပါ။ အရင်​တုန်းက​တော့ ဆန် ​တပုံးပေးတယ်​၊ ပြန်​​လျှော့ချ​တော့ ကိုးကီလို၊ တပုံးမပြည့်ဘူး”

ခုလို ပြည်တွင်းပြန်​လာတဲ့ ဒုက္ခသည်​​တွေကို ကယားပြည်​နယ်​အစိုးရအဖွဲ့၊ အရပ်​ဘက်​အဖွဲ့​တွေနဲ့ အန်​ဂျီအိုအဖွဲ့​တွေက ထိုင်း-ကယားနယ်​စပ်​မှာ သွား​ရောက်​ ကြိုဆိုခဲ့ကြ ပါတယ်​။

ကယားပြည်​နယ်​အစိုးရအဖွဲ့က ပြန်​လာတဲ့ ဒုက္ခသည်​တ​ဦးစီကို တလစာအတွက်​ ဆန်​ ၁၂ ပြည်​၊ ဆီ ၁ ပိဿာ၊ ​ရေသန့်​ ၁ ကတ်​၊ ​ငွေ​ကြေးအချို့နဲ့ အိမ်​သုံးပစ္စည်း​တွေ ​ထောက်​ပံ့​ပေးထားပါတယ်​။

ပြည်​တွင်း ပြန်​လာကြတဲ့ ဒုက္ခသည်​​​တွေဟာ မိသားစုအလိုက်​ ပြန်​လာကြတာရှိပြီး က​လေးငယ်​​တွေ လည်း အများအပြား ပါဝင်​ပါတယ်​။

ကျောင်း​နေအရွယ်​ က​လေးငယ်​​တွေလည်း ပါဝင်​​နေတာ​ကြောင့် လွိုင်​​ကော်​မြို့နယ်​ အုပ်​ချုပ်​​ရေးမှူး ဦး​ကျော်​မိုးက “က​လေး​လေး​တွေ ​တော်​​တော်​များတယ်​။ အဲဒီက​လေး​တွေ အတွက်​လည်း ဟိုက​မွေးစာရင်းကို ဒီက လ.ဝ.က က တ​ခါတည်း အသိအမှတ်​ပြု​ပေးတာ​ပေါ့။ ​နောက် ​ဟိုက​​ကျောင်းအတန်းအစားအလိုက်​လည်း ပညာ​ရေးဌာနက လက်​ခံပြီး​တော့ နီးစပ်​ရာ​ကျောင်း​တွေကို လာမယ့် ​ကျောင်းဖွင့်ရာသီမှာ လက်​ခံ​ပေးဖို့​ပေါ့” လို့ ​ပြောပါတယ်

ဒါ့အပြင်​ ပြန်​လာတဲ့ ဒုက္ခသည်​​တွေကို တခြားလိုအပ်​တဲ့ နိုင်​ငံသားကတ်​နဲ့ အိမ်​​ထောင်​စုစာရင်း​တွေကို တခါတည်း ထုတ်​​ပေးဖို့ လုပ်​​ဆောင်​​နေတယ်​လို့ ဆိုပါတယ်​။

ခုလို ပြန်​လာတဲ့ ဒုက္ခသည်​​တွေထဲမှာ ကယားပြည်​နယ်​ မယ်​စဲ့မြို့နယ်​က ၄ ဦး၊ ဒီး​မော့ဆိုမြို့နယ်​က ၄ ဦးနဲ့ လွိုင်​​ကော်​မြို့နယ်​က ၁၂ ဦးဖြစ်​ပြီး ၂၀၁၈ ခုနှစ်​မှာ ပထမဆုံး အကြိမ်​အဖြစ်​ ကရင်​နီ ဒုက္ခသည်​​တွေ ပြည်​တွင်း ပြန်​လာကြတာ ဖြစ်​ပါတယ်​။



သတင်း၊ ဓာတ်​ပုံ – ခွန်းတူးတူး​လေး
DVB


0 comments:

Post a Comment