Thursday, May 3, 2018

စင်ကာပူချန်ဂီလေဆိပ်တွင် မျက်နှာ ခွဲခြားမှတ်သိ စနစ် အသုံးပြုမည်


စင်ကာပူနိုင်ငံချန်ဂီလေဆိပ်တွင် ခရီးသည်များ ဝင်ရောက်ထွက်ခွာမှု ပိုမိုမြန်ဆန်စေရန် ရည်ရွယ်ပြီးမျက်နှာ ခွဲခြားသိမှတ်စနစ် (Facial Recognition) ကို စမ်းသပ်သုံးစွဲနေကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

လက်ရှိသုံးစွဲနေသော Smart ID စနစ်ကို တိုးချဲ့လိုက်ခြင်းဖြစ်ပြီး ပတ်စ်ပို့ စစ်ဆေးမှုနေရာတွင် အစားထိုးရန်လည်း မျှော်လင့်နေသည်ဟု သိရသည်။

သို့သော်လည်း ခရီးသည်များကို စိစစ်ရန် မီးတိုင်များတွင် တပ်ထားသော ကင်မရာများကိုသုံးမည့် အစီအစဉ်မှာမူ ကိုယ်ရေးလုံခြုံမှုကို ချိုးဖောက်ရာ ရောက်နိုင်ကြောင်း ဝေဖန်မှုများ ရှိနေသည်ဟု Reuters သတင်းကဖော်ပြသည်။

လေဆိပ်တာဝန်ရှိသူများကမူ တစ်ချိန်လုံး စောင့်ကြည့်ခံနေရသည်ဆို သောပူပန်မှုမျိုး ဖြစ်လာစရာမရှိကြောင်း တုံ့ပြန်ထားသည်။

မျက်နှာခွဲခြား သိမှတ်စနစ်ကြောင့် အခြားအကျိုးရှိမည့် ကိစ္စမှာ နောက်ဆုံးအကြိမ် လေယာဉ်ပေါ်တက်ရန် ခေါ်ဆိုချိန်နှင့် လွဲသွားသော ခရီးသည်များကို ရှာဖွေဖော်ထုတ်နိုင်မည့် အချက်ပင်ဖြစ်သည်။

“ခရီးသည် ပျောက်သွားတယ်ဆိုတဲ့ သတင်းပို့မှုတွေ အများကြီး ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တွေးထားတဲ့ အသုံးတည့်နိုင်တာ တစ်ခုပါ၊ လေယာဉ်ပေါ် လိုက်တဲ့သူတွေကိုစိစစ်ပြီး (ပျောက်နေတဲ့သူကို) ရှာဖွေပေးဖို့ပါ။ ဒါပေမဲ့ လေကြောင်းလိုင်းတွေရဲ့ ခွင့်ပြုချက်လိုပါတယ်”ဟု ချန်ဂီလေဆိပ် အုပ်စု၏ သတင်းအချက်အလက်ရေးရာ အရာရှိချုပ် စတိဗ်လီးက ပြောကြားခဲ့သည်။

ချန်ဂီလေဆိပ်သည် ကုမ္ပဏီ အများအပြားနှင့် လက်တွဲ လုပ်ဆောင်နေပြီး တစ်နှစ်အတွင်း မျက်နှာသိမှတ်စနစ်ကို အကောင်အထည်ဖော်ရန် စီစဉ်နေသည်ဟုလည်း လီက ပြောကြားခဲ့သည်။

နောက်ဆုံးဖွင့်လှစ်ထားသည့် T4 Terminal လေဆိပ်ဂိတ်တွင် မိမိဘာသာ ဃ့နခု-ငည ဝင်လိုက ဝင်နိုင်ရန်သာမက အိတ်အပ်ခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လေယာဉ်ပေါ် တက်ခြင်းအတွက်ပါ မျက်နှာ ခွဲခြားသိမှတ်စနစ်ကို သုံးစွဲနေပြီဖြစ်သည်။

ယင်းစနစ်ကြောင့် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရမှု လျော့ကျလာမည်ဖြစ်သလို လေဆိပ်လုံခြုံရေး အင်အားလည်း လျှော့ချနိုင်မည်ဖြစ်သည်။

ခရီးသည်က ခရီးဆောင်သေတ္တာကို ဝန်ထမ်းမရှိသည့်စင်တွင် ထားခဲ့သည်နှင့် အဆိုပါခရီးသည်၏ ဓာတ်ပုံကိုမှတ်တမ်း တင်လိုက်ပြီး ပတ်စ်ပို့အတွင်းမှ ဓာတ်ပုံနှင့် တိုက်ဆိုင်စစ်ဆေးကာ သိမ်းဆည်းပေးထားမည်ဖြစ်သောကြောင့် ပြန်လည် ထုတ်ယူရာတွင်လည်း လွယ်ကူသွားမည်ဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးရှိ အလိုအလျောက် လုံခြုံရေးဂိတ်များတွင် နောက်ထပ် ဓာတ်ပုံထပ်ရိုက်မည်ဖြစ်ပြီး ခရီးသည် မည်သူမည်ဝါဖြစ်ကြောင်းကို လေယာဉ်ပေါ် မတက်မီ Boarding ဂိတ်တွင် ထပ်မံ စိစစ်နိုင်မည်ဖြစ်သည်။

“အခုက ပတ်စ်ပို့ ယူလာရတယ်၊ မျက်နှာပြရတယ်၊ Boarding Pass ပြရတယ်။ နောင်ကျရင် မျက်နှာပဲ ပြရတာမျိုး ဖြစ်လာမှာ။ ပတ်စ်ပို့တောင် လိုတော့မှာမဟုတ်ဘူး”ဟု လီက ပြောသည်။

The Voice


No comments:

Post a Comment