ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ၁၉ ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းမဟောင်းဘေးရှိ ပြိုင်ကင်းဂျုံကြိတ်ခေါက်ဆွဲဆိုင် နေအိမ်တွင် လျှပ်စစ်အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဘေးပတ်ဝန်းကျင်နေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းခြင်း မရှိကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး တောင်ငူခရိုင် မီးသတ်ဦးစီးမှူး ဦးမြင့်နိုင်ထွန်းက “လေ့လာတွေ့ရှိချက်အရတော့ သူတို့ဒီလျှပ်စစ်မီးပူကိုသုံးပြီး ထားခဲ့တာပေါ့။ ထားခဲ့တဲ့အခါကျတော့ အောက်ကအငွေ့တွေနဲ့ အုံပြီးလောင်နေတယ်။ ဒီအခန်းကို သူတို့က လူမနေဘူးဆိုတဲ့ သဘောတွေ့ရှိရပါတယ်။ ဘာလို့တုန်းဆိုတော့ ဒီပစ္စည်းကိုထားပြီး သူတို့က တံခါးပိတ်ခဲ့တာဖြစ်တဲ့အတွက် မီးလောင်တာကို ချက်ချင်းမသိနိုင်ပါဘူး။ သို့သော် သူတို့သိတဲ့အချိန်သည် အဲ့ဒီအိပ်ခန်းအတွင်းမှာရှိတဲ့ ပစ္စည်းတွေ အားလုံးလောင်ပြီး ပြတင်းပေါက်ကနေ မျက်နှာကျက်ကနေ လျှံထွက်တဲ့အခါကျမှ ပတ်ဝန်းကျင်ကသိတဲ့ အနေအထားပါ။ ဒါကြောင့်မို့လို့ အပေါ်ထပ်တစ်ထပ်လုံးကို ပျံ့သွားရခြင်းဖြစ်တယ်” ဟု ပြောကြားသည်။
ဖြစ်စဉ်မှာ မေ ၉ ရက် နံနက် ၇ နာရီဝန်းကျင်ခန့်က တောင်ငူမြို့ ၁၉ ရပ်ကွက် ရန်ကုန်-မန္တလေးလမ်းမဟောင်းဘေးရှိ ဦးဥာဏ်စိုး၊ အသက် ၅၁ နှစ်(ဘ)ဦးကျော်ရင်ပိုင်သည့် ပြိုင်ကင်းဂျုံကြိတ်ခေါက်ဆွဲဆိုင်နှင့်တွဲလျှက် နေအိမ် အပေါ်ထပ်တွင်မီးပူတိုက်ပြီး မေ့ထားခဲ့ရာမှ မီးပူအပူလွန်ကဲမှုဖြစ်ပွားကာ နေအိမ်အား မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။
မီးလောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် တောင်ငူခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင် သန္ဓေ ၃၇ ဦး၊ အရံ ၂၅ ဦးနှင့် ရေသယ်ယာဉ် ၃ စီး၊ မီးငြိမ်းသတ်ယာဉ် ၈ စီး စုစုပေါင်း ၁၁ စီး အပါအဝင်၊ မြို့နယ်ပရဟိတကူညီရေးအဖွဲ့များ၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် မြို့ခံများမှ သွားရောက်ကူညီ၍ ငြိမ်းသတ်ပေးခဲ့ကြရာ လောင်ကျွမ်းချိန် ၂၀ မိနစ်ခန့် အကြာတွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၇ နာရီခွဲအချိန်ခန့်တွင် မီးညွန့်ကျိုးကျသည်အထိ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းနေအိမ်အား မီးငြိမ်းသတ်ခဲ့ရသည့် အခြေအနေနှင့်ပတ်သက်ပြီး ခရိုင်မီးသတ်ဦးစီးက “ကျွန်တော်တို့ တစ်နေ့တာ လုပ်ငန်းပေါ့ ၇ နာရီမှာ တပ်ဖွဲ့ဝင်တွေအားလုံး တန်းစီမယ့်အချိန်နဲ့ ကွက်တိဖြစ်သွားတာပေါ့။ ၇ နာရီလောက်က စလောင်တယ်။ လောင်လောင်ချင်း ဖုန်းသတင်းရတယ်။ ကြည့်လိုက်တဲ့အခါကျတော့ ပြိုင်ကင်းဆိုတော့ ကျွန်တော်တို့ကြည့်လိုက်တော့ မီးခိုးလုံးတွေ ထောင်ထွက်နေတာ တွေ့လိုက်တယ်။ အရင်ဆုံး မီးသတ်ယာဉ် ၅ စီး၊ ရေသယ်ယာဉ် ၃ စီး ချက်ချင်းထွက်ပါတယ်။ နောက်ကတပ်ဖွဲ့ဝင် ၃၇ ဦးနဲ့ ၀ိုင်းဝန်းငြိမ်းသတ်ပါတယ်။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာကတော့ မီးကတော်တော်လေးကို ဘေးထွက်နေတဲ့ အနေအထားရှိတယ်။ သို့သော်လည်း ကျွန်တော်တို့က သုံးနေရာ၊ နေရာယူပြီးတာနဲ့ အောက်ကနေ၀င်ပြီးတော့ ရအောင် ငြိမ်းတာဖြစ်တဲ့အတွက် အုပ်မိတယ်ပေါ့။ အုပ်မိတာဖြစ်တဲ့အတွက် ဘေးကိုကူးစက်ပျံ့ပွားခြင်း မရှိပါဘူး။ အိမ်ရဲ့အပေါ်ထပ်တစ်လုံးပဲ ကူးစက်လောင်ကျွမ်းခံရပါတယ်။ ဆုံးရှုံးမှုတန်ဖိုးကတော့ ၁၀ သိန်းလောက် ခန့်မှန်းထားပါတယ်” ဟု ဆိုသည်။
မီးလောင်ကျွမ်းမှုကြောင့် အလျား ၃၂ ပေ၊ အနံ ၄၀ ပေရှိသည့် သွပ်မိုးအုတ်နံရံကာ၊ နေအိမ်အပေါ်ထပ်တစ်ခုလုံး မီးလောင်ကျွမ်းဆုံးရှုံးမှု ဖြစ်ပွားခဲ့သော်လည်း ဘေးပတ်ဝန်းကျင်ကပ်လျှက်နေအိမ်များသို့ မီးကူးစက်ခြင်းမရှိပဲ လူများအားလည်း ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်းနှင့် ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၀ သိန်းဝန်းကျင်ခန့် လောင်ကျွမ်းဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြိုင်ကင်းဂျုံကြိတ်ခေါက်ဆွဲနေအိမ်ပိုင်ရှင် ဦးဥာဏ်စိုးအား တောင်ငူမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူနိုင်ရန် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ဇော်ဝင်းချစ် (တောင်ငူ)
Eleven Media Group









0 comments:
Post a Comment