Wednesday, May 23, 2018

လုပ်ပွဲဖန်တီးမှု တိုက်ဖျက်ရေး ဘောလုံးကလပ် ၃၅ ခုကို ယူကရိန်းရဲတပ်ဖွဲ့ စီးနင်း


ယူကရိန်းရဲတပ်ဖွဲ့ဝင်တွေဟာ ဘောလုံးပွဲတွေမှာ နှစ်ဖက်အသင်းတွေ ညှိပြီးကစားတဲ့ လုပ်ပွဲဖန်တီးမှု တိုက်ဖျက်ရေး အကြီးစားစစ်ဆင်ရေးအနေနဲ့ ဘောလုံးကလပ်အသင်း ၃၅ သင်းကို မေလ ၂၂ ရက်က စီးနင်းခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးအသင်းတို့ လာမယ့် မေလ ၂၆ ရက်နေ့ ယှဉ်ပြိုင်မယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ မကစားခင် လေးရက်အလိုမှာ ခုလို စီးနင်းခဲ့တာဖြစ်ပြီး အနည်းဆုံး ဒိုင်လူကြီးတဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

စီးနင်းခံရတဲ့ ကလပ်တွေဟာ နိုင်ငံတွင်း ကြေးစားကလပ်အသင်း အားလုံးရဲ့ ၆၇ ရာခိုင်နှုန်းလည်း ဖြစ်ပါတယ်။

စစ်ဆင်ရေးအသေးစိတ်နဲ့ အပြစ်လုပ်ထားတယ်ဆိုတဲ့ စွဲချက်တွေကို မြို့တော် ကိယက်ဗ်က သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့တာပါ။

ယူကရိန်း ဘောလုံးအဖွဲ့ချုပ်ရဲ့ ကျင့်ဝတ်နဲ့ မျှတစွာကစားရေး ကော်မတီ အကြီးအကဲက စုံစမ်းစစ်ဆေးမှုတွေကို ကြီးကြပ်ခဲ့ပါတယ်။

စစ်ဆင်ရေးအတွင်း လူ ၃၂၈ ယောက် ပါဝင်တဲ့ လုပ်ပွဲပေါင်း ၅၇ ပွဲနဲ့ ရာဇဝတ်အုပ်စု ငါးစုကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ပြသခဲ့တဲ့ သက်သေတွေထဲမှာ ရုပ်သံတွေနဲ့ ဖုန်းခေါ်ဆိုမှု၊ အသံဖမ်းစက်နဲ့ ဖမ်းယူထားတဲ့ အသံတွေ ပါဝင်ပါတယ်။

DVB


No comments:

Post a Comment