ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဖဲဖောင်သုသာန်နေရာဟောင်းတွင် ကျပ်သန်း ၂၀၀ ကျော် အကုန်အကျခံပြီး တည်ဆောက်နေသည့် စွန့်ပစ်အမှိုက်များ ချေဖျက်သည့် စက်ရုံကို လာမည့်ဇန်နဝါရီလ ပထမအပတ်အတွင်း စမ်းသပ်လည်ပတ်မည်ဖြစ်ကြောင်း ယင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
လတ်တလော စက်ရုံတည်ဆောက်မှု အခြေအနေမှာ ၈၀ ရာခိုင်နှုန်းအထိပြီးစီးပြီဖြစ်ပြီး ထပ်မံတည်ဆောက်မည့် ပစ္စည်းများ မကြာမီ ပြည်ပမှရောက်ရှိလာမည်ဖြစ်ကြောင်း အဆိုပါ စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါ စက်ရုံကို ထိုင်းနိုင်ငံအခြေစိုက် ယမ်ကုမ္ပဏီနှင့် ယခုနှစ်ဇန်နဝါရီလက စာချုပ်ချုပ်ဆိုပြီး ပဲခူးမြို့နယ် နန်းတော်ရာရပ်ကွက်နှင့် ဟင်္သာကုန်းရပ်ကွက်၊ ကတွတ်ခြံ ကျေးရွာနားရှိ ဖဲဖောင်သုသာန်ဟောင်း နေရာတွင် တည်ဆောက်နေခြင်းဖြစ်ကာ တစ်ရက်လျှင် အမှိုက်တန် ၂၀ အထိချေ ဖျက်ပေးနိုင်ကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အမှိုက်စက်ရုံတည်ဆောက်ပြီးစီးသွားမည်ဆိုပါက ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကို မြေဩဇာထုတ်လုပ်ခြင်း၊ ပြန်လည်အသုံးပြု၍မရသည့် ပုလင်းခွံ၊ ဖိုက်ဘာ ပလတ်စတစ် စသည့်ပစ္စည်းများကို ဈေးကွက်သို့ ပြန်လည်ရောင်းချသွားမည်ဖြစ်ပြီး ရရှိသည့်ငွေကြေးကို စက်ရုံဝန်ထမ်းများအတွက် လစာကြေးငွေအဖြစ်ပြန်လည် အသုံးပြုမည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
လက်ရှိပဲခူးမြို့နယ်အတွင်းရှိ ဇိုင်းတောင် ရပ်ကွက်အပါအဝင် ရပ်ကွက်ကြီးလေးခုခန့်ကို ဖြတ်သန်း စီးဆင်းနေသည့် ပဲခူးမြစ်အတွင်း အမှိုက်များ စည်းကမ်းမဲ့ စွန့်ပစ်နေခြင်းများကြောင့် မြစ်ရေညစ်နွမ်းနေသည့်အပြင် မြစ်ထဲမျောပါနေသည့် အမှိုက်များမှာ မြင်၍မကောင်းကြောင်း ပဲခူးဒေသခံများက ဆိုသည်။
ပဲခူးမြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ရပ်ကွက်ပေါင်း ၃၁ ခု ရှိကာ အမှိုက်သိမ်းမော်တော်ယာဉ် ၇ စီးဖြင့် ဆင်ဖြူကွင်းတွင်သွားရောက်စွန့်ပစ်နေရပြီး တစ်ရက်လျှင် အမှိုက်တန်ချိန် ၆၀ ခန့်ထွက်ရှိကြောင်း ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာဌာနထံမှ သိရသည်။
The Voice







0 comments:
Post a Comment