ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတ မြို့၊ မြို့လယ်ရှိသုဿန်ဟောင်းကို ဖျက်သိမ်း၍ ပန်းခြံဆောက်လုပ်ရန်အတွက် မေလ(၃) ရက်နေ့တွင် မြို့ခံ (၅၀၀၀) နီးပါးမှ ဦးပါရဲစေတီတော်ရှေ့မှစတင်၍ မြို့တွင်းအနှံ့လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့လယ်၊ ဥယျာဉ် မြောက်ရပ်ကွက်၊ အကွက်အမှတ်(၄၉) ဦးပိုင်အမှတ် (၁၁၄)၊ ဧရိယာ (၀.၈၇၅) ဧကနှင့် ဦးပိုင်အမှတ် (၁၁၆)၊ ဧရိယာ (၁.၇၃၀) ဧက ၊ မွတ်စလင်သုဿန်ဟောင်းအမည်ပေါက်မြေကွက်အား ပန်းခြံတည်ဆောက်ရန်အတွက် တိုင်းဝန်ကြီးချုပ်ထံစာတင်ထားရာ မေလ(၁)ရက်နေ့တွင် အကြောင်းပြန်မည်ဟုချိန်းဆိုထားသော်လည်း အကြောင်းပြန်ကြားခြင်းမရှိသည့်အတွက် မြို့ခံပြည်သူ (၅၀၀၀) နီးပါးမှ မြို့တွင်း၌ လှည်လည်ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့က အရင်ဝန်ကြီးချုပ်လက်ထက်မှာ ဒီသင်္ချိုင်းဟောင်းကိုဖျက်ပြီး ပန်းခြံတည်ဆောက်ဖို့အတွက်စာတင်တယ်။ ဒါပေမယ့် သူတို့က လူထုခံယူပွဲကျင်းပရမယ်ဆိုလို့ ကျင်းပပြီး မြို့ လူထု တွေရဲ့ ဆန္ဒကို ခံယူခဲ့တယ်။ ကန့်ကွက်မဲမရှိဘဲ ဖျက်ဖို့ကို လုထူကဆန္ဒပြုခဲ့တယ်။ ဒါပေမယ့် အကောင်အထည် မပေါ်ဘူး။ အခုဝန်ကြီးချုပ်အသစ်ထံကိုလည်း စာပို့တယ်။ စာမပြန်ဘူး။ အဲဒါနဲ့ ကျွန်တော်တို့က အဲဒီအကြောင်းကို online မှာတင်တယ်။
အဲဒီတော့မှ ဝန်ကြီးချုပ်က ကျွန်တော်တို့ကိုခေါ်တွေ့တယ်။ မေ(၁)ရက်နေ့ အကြောင်းပြန်ပါမယ် ပြောတယ်။ ဒါပေမယ့် အခုထိ အကြောင်းမပြန်ဘူး။ အဲဒါ ဘာဖြစ်လို့လဲ။ ကျွန်တော်တို့ ဟင်္သာတက ပြည်သူတွေကိုမလေးမစားလုပ်တာလို့ ထင်တယ်။ အဲဒီအတွက် အခုလို ဆန္ဒထုတ်ဖော်တာပါ"ဟု ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူတဦးဖြစ်သည့် ဦးစိန်သောင်းကပြောသည်။
အဆိုပါသင်္ချိုင်းဟောင်းအား ပန်းခြံပြုလုပ်ရန်အတွက် ဟင်္သာတ မြို့သူမြို့သားများ၏ ဆန္ဒခံယူပွဲကို ၂၀၁၇ ခုနှစ်၊ သြဂုတ် (၂၇) ရက်က ဟင်္သာတမြို့တော်ခန်းမတွင်ကျင်းပခဲ့ရာ မြို့ခံလူထု တသောင်းကျော်တက်ရောက်ခဲ့ပြီး ဆန္ဒမဲလက်မှတ် (၇၀၀၀) တွင် ပန်းခြံဆောက်လုပ်ရန်အတွက် ထောက်ခံမဲ (၆၉၇၆) မဲနှင့် ပယ်မဲ (၂၄) မဲ၊ ကန့်ကွက်မဲမရှိခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ဟင်္သာ မြို့က ပုသိမ်ပြီးရင် ဧရာဝတီတိုင်းမှာ အကြီးဆုံး။ ဒါပေမယ့် ပန်းခြံကမရှိသေးဘူး။ အဲ့ဒီအတွက် ပန်းခြံတခုလိုအပ်တယ်ထင်လို့ ဒီမှာ ဆန္ဒလာထုတ်ဖော်တာ။ ကျွန်တော်တို့မြို့အကျိုးကိုလိုလားတဲ့သူတွေက ပန်းခြံဆောက်ချင်တယ်။ မြို့အကျိုးကို မလိုလားတဲ့ တဖက်အသိုင်းအဝိုင်းက မဖျက်ချင်ဘူး"ဟု ဒေသခံတဦးဖြစ်သူ ဦးမျိုးဆွေဝင်းကပြောသည်။
အဆိုပါမွတ်စလင်သင်္ချိုင်းဟောင်းကို ၁၉၉၄ ခုနှစ် မတ်လ (၁) ရက်နေ့တွင် နိုင်ငံတော်အစိုးရက ပိတ်သိမ်းခဲ့ပြီး ဟင်္သာတမြို့ ၊ ရွာသာကုန်းကျေးရွာအုပ်စုရှိ သင်္ဂြိုလ်စက်ရှေ့တွေ နေရာအစားထိုးပေးခဲ့ကြောင်း၊ ယခု သင်္ချိုင်းဟောင်းမှာ ဟင်္သာတမြို့၏ အထင်ကရ အမှတ်အသားဖြစ်သော ဟင်္သာရုပ်ထု၊ မြို့တော်ခန်းမ၊ စာသင်ကျောင်း၊ ဗိုလ်ချုပ်ကြေးရုပ်ထု၊ ရွှေဆွမ်းအုပ်စသည်တို့နှင့်နီးကပ်စွာတည်ရှိနေသည့်အတွက် ဟင်္သာတမြို့ သာလှပရေးအတွက် ပန်းခြံတခုအဖြစ် အသွင်းပြောင်းလိုကြောင်း ဒေသခံများက ပြောသည်။
သားချမ်းမြတ်
News Watch

No comments:
Post a Comment