Wednesday, May 23, 2018

စီမံ/ဘဏ္ဍာဝန်ကြီး အဂတိလိုက်စားမှု ရှိ၊ မရှိ စစ်ဆေးတွေ့ရှိချက်ကို သမ္မတထံ တင်ပြမည်


စီမံကိန်းနှင့် ဘဏ္ဍာရေးဌာန ပြည်ထောင်စုဝန်ကြီးရဲ့ အဂတိလိုက်စားမှုနဲ့ ပတ်သက်တဲ့ တိုင်ကြားချက်အပေါ် စစ်ဆေးတွေ့ရှိချက်ကို သမ္မတနဲ့ လွှတ်တော်ကို အမြန်ဆုံးတင်ပြနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောပါတယ်။
မေလ ၂၃ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးမှာ မီဒီယာတွေက မေးမြန်းတာကို ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က အခုလို ပြန်လည်ဖြေဆိုတာပါ။

“အဲဒီကိစ္စဆိုလို့ရှိရင် ပြီးသလောက်ဖြစ်နေပါပြီ။ ဒါ အမြန်ဆုံး ကျနော်တို့ လုပ်တာ။ ကျနော်တို့ဆီကို ရောက်လာတဲ့ တိုင်ကြားစာက မေ၃ ရက်နေ့မှာ ရောက်တယ်။ ၇ ရက်နေ့မှာ အဖွဲ့ဖွဲ့တယ်။ ပြီးတာနဲ့ အမြန်ဆုံးစစ်တယ်။ အခုနက ပြောသလို သက်သေယူရတာ ရှိတယ်။ သက်သေတွေ စစ်ရတာရှိတယ်။ စာရွက်စာတမ်း ကြည့်ရတာတွေ ရှိတယ်။ အဲဒါပြီးသွားတဲ့ အချိန်မှာ အခုဆို ပြီးသလောက် ဖြစ်နေပြီ။ မကြာခင်မှာ ပထမဆုံးဦး လုပ်ရမယ့်အလုပ်က နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတွေဆီကို အစီရင်ခံတင်ရမယ်။ အဲဒါကို ဆောလျင်စွာ တင်နိုင်ဖို့အတွက် အပြင်းအထန် ကြိုးစားနေပါတယ်။ အဲဒီအနေအထား aရာက်ပါပြီ” လို့ ဦးအောင်ကြည်က ပြောပါတယ်။

တိုင်ကြားချက်တွေဟာ အပြစ်ရှိတာ မဟုတ်သေးတဲ့အတွက် မှန်၊ မမှန် စစ်ဆေးပြီး အပြစ်ရှိမှ ထုတ်ပြန်ပေးသွားမယ်လို့လည်း ကော်မရှင် အကြီးအကဲက ပြောပါတယ်။

စီမံ/ဘဏ္ဍာပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ)က  ခေါ်ယူ စစ်ဆေးနေတယ်ဆိုပြီး ပြီးခဲ့တဲ့ သီတင်းပတ်က သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုဝန်ကြီး ဦးမောင်မောင်ဝင်းကတော့ ဝန်ကြီးဦးကျော်ဝင်း ပုံမှန် ရုံးတက်နေတယ်လို့ မေလ ၁၇ ရက်က ပြုလုပ်တဲ့ အစိုးရရဲ့ ဒုတိယ ၁ နှစ်တာ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောပါတယ်။

DVB

No comments:

Post a Comment