အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လုပ်ငန်းတာဝန်များကို ပါတီမှ ရွေးချယ်ထားသည့် လူငယ်ခေါင်းဆောင်များကို ရက်ပိုင်းအတွင် လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း လူငယ်ညီလာခံ ကျင်းပရေးဗဟိုကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ဦး က မေလ ၇ ရက်တွင် အကုန်သိ သတင်းဌာနကို ပြောသည်။
NLD ပါတီမှ ချမှတ်ထားသော လုပ်ငန်းစဉ်များကို ပါတီရှိ လူငယ်ခေါင်းဆောင်များ ဆက်လက်တာဝန်ယူ ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံကို နေပြည်တော်ကောင်စီနယ်မြေရှိ MICC-2 တွင် ဧပြီလ ၇ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ပါတီအတွက် လူငယ်ခေါင်းဆောင်များကို အောင်မြင်စွာ ရွေးချယ်နိုင်ခဲ့ကြောင်း ၄င်းကပြောသည်။
“ ကျွန်တော်တို့ ဒုတိယ အကြိမ် လူငယ်ညီလာခံမှာ ပါတီအတွက် ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေကို ရှေ့ဆက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ့် လူငယ်ခေါင်းဆောင်တွေကို ရွေးထုတ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ လူငယ် ဗဟိုကော်မရှင် အနေနဲ့တော့ ပါတီရဲ့ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေကို ဒီရက်ပိုင်းအတွင်းမှာပဲ လွှဲပြောင်းပေးတော့မှာပါ။ ကျန်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက လူငယ်ခေါင်းဆောင်တွေကို လုပ်ငန်းတာဝန်လွှဲပြောင်းပေးရမှာက မေလ ၁၄ ရက် နောက်ဆုံးပါ ” ဟု ဦးမောင်မောင်ဦး က ပြောသည်။
ယနေ့ မေလ ၇ ရက် ရက်စွဲဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံ ကျင်းပရေးဗဟိုကော်မရှင်မှ ကျေးဇူးတင်လွှာ တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။ အဆိုပါကျေးဇူးတင်လွှာတွင် “ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံကြီးကို (၇-၄-၂၀၁၈) ရက်၌ နေပြည်တော် MICC-2 တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်ကောင်းတို့၏ တာဝန်ခံမှု/ တာဝန်ယူမှု၊ အချင်းချင်း ရိုင်းပင်းကူညီမှုများကြောင့် ဒီမိုကရေစီနည်းလမ်းကျ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး ဖြစ်ပါသည်။
ယခုကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံကြီး အောင်မြင်အောင် ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီပေးခဲကြပါသော ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှအစ အဆင့်ဆင့်သော တိုင်းနှင့်ပြည်နယ် အသီးသီးမှ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌ များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တရားမျှတစွာဖြင့် ကျွမ်းကျင်စွာ ကိုင်တွယ် ထိန်းကျောင်းတတ်သော အဆင့်ဆင့်သော လူငယ်ညီလာခံ ကျင်းပရေး ကော်မရှင်များ၊ ရိုးသားတက်ကြွသော တိုင်းရင်းသူ/ တိုင်းရင်းသားများ အပါအဝင် လူငယ်မျိုးဆက်သစ်များအား ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲချုပ် ဒုတိယအကြိမ် လူငယ်ညီလာခံ ကျင်းပရေး ဗဟိုကော်မရှင် အနေဖြင့် လေးစားစွာ ကျေးဇူးတင်လျှက် မှတ်တမ်းတင်ဂုဏ်ပြုလိုက်ပါသည် ” ဟု ပါရှိသည်။
အောင်သူရိန် (အကုန်သိသတင်းဌာန)

No comments:
Post a Comment