Sunday, May 6, 2018

ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးနေဆဲဖြစ်ပြီး လေးလအတွင်း ထိုင်းနိုင်ငံသို့ MoU လုပ်သား ၆၃၀၀၀ ကျော် ထွက်ခွာ


ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးနေဆဲဖြစ်ပြီး ယခုနှစ်တွင် တစ်ဖက်နိုင်ငံသို့ ထွက်ခွာသည့် လူစွမ်းအား အရင်းအမြစ်များ မြင့်မားလျက်ရှိကာ ဇန်န၀ါရီမှ ဧပြီကုန်အထိ လေးလအတွင်း MoU လုပ်သားအဖြစ် ထိုင်းနိုင်ငံသို့ ၆၃၀၀၀ ကျော် ထွက်ခွာခဲ့ကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ သိရသည်။

မြန်မာ- ထိုင်းနယ်စပ် မြ၀တီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ MoU လုပ်သားအဖြစ် တရားဝင်ပို့ဆောင် ထွက်ခွာသူများမှာ ၂၀၁၈ ဇန်န၀ါရီတွင် အမျိုးသား၊ အမျိုးသမီး ၁၆၉၈၈ ဦး၊ ဖေဖော်ဝါရီတွင် ၁၅၁၀၉ ဦး၊ မတ်တွင် ၁၅၈၈၁ ဦး၊ ဧပြီတွင် ၁၂၄၈၃ ဦး ထွက်ခွာခဲ့သည်။

မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ဆင်နွှဲသည့် ဧပြီတွင် နေရပ်ပြန်လာသူ သောင်းနှင့်ချီ၍ ရှိခဲ့သလို ၀မ်းရေးအတွက် ပြည်ပထွက်ခွာသူလည်း တစ်သောင်းကျော် ရှိခဲ့သည်။

မြ၀တီနယ်စပ်မှတစ်ဆင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ထွက်ခွာသူ တစ်နှစ်ထက်တစ်နှစ် များပြားနေဆဲဖြစ်ပြီး ပြည်တွင်း၌ လူ့စွမ်းအား အရင်းအမြစ်များ ပိုမိုဆုံးရှုံးလာခဲ့ကာ ၂၀၁၇ ခုနှစ် ဆယ့်နှစ်လတာ ကာလတွင် မြန်မာ့ MoU လုပ်သား ၁၄၅၁၆၁ ဦး ထွက်ခွာခဲ့ပြီဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ အနိမ့်ဆုံး လုပ်ခလစာအဖြစ် ကျပ် ၄၈၀၀ သတ်မှတ်ချိန်ထွင် ထိုင်းနိုင်ငံ၏ အနိမ့်ဆုံး လုပ်ခလစာ ၂၀၁၈ ခုနှစ်မှစ၍ တစ်နေ့ ဘတ် ၃၁၅ ဘတ် (ကျပ် ၁၃၀၀၀ ခန့် ရရှိနိုင်မည့်လုပ်အားခ) သတ်မှတ်လိုက်ပြီဖြစ်သည့်အတွက် မြန်မာ့လူ့စွမ်းအား အရင်းအမြစ်များ ဆက်လက်ထွက်ခွာနေဦးမည်ဟု ဆိုသည်။

“ထိုင်းနိုင်ငံအတွင်းမှာ မိခင်နိုင်ငံသားတွေ မလုပ်ချင်တဲ့ အလုပ်ကြမ်း (Hard Work)၊ မလုပ်နိုင်တဲ့ အန္တရာယ်ရှိတဲ့အလုပ်တွေ (Dangerous)၊ ခက်ခဲကြမ်းတမ်းတဲ့ အလုပ်တွေ (Difficult)၊ ညစ်ပတ်ပေတေတဲ့ အလုပ်တွေ (Dirty) ဆိုတဲ့ 3D အလုပ်တွေကို လုပ်ရတယ် ဆိုပေမယ့် ကိုယ့်နိုင်ငံမှာ အလုပ်ရုံစက်ရုံတွေ မဖွံ့ဖြိုးသမျှ၊ သင့်တင့်တဲ့ လုပ်အားခ မရသမျှ လူစွမ်းအား အရင်းအမြစ်တွေ ဆုံးရှုံးနေဦးမှာ ဖြစ်ပါတယ်” ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။

ပြည်တွင်းစားသုံးမှု ဈေးကွက်တွင် မြင့်တက်လာသော ကုန်ဈေးနှုန်းကို လုပ်အားခနှင့် ထိန်းညှိနိုင်ခြင်း မရှိသောကြောင့် မိသားစုစားဝတ်နေရေးအတွက် ပြည်ပသို့ထွက်ခွာလာသူများဖြစ်သည်။ လက်ရှိ လယ်ယာလုပ်ငန်းခွင်၊ ကိုင်းလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းတို့တွင် လုပ်ကိုင်နေသည့် အသက် ၂၀ နှစ်နှင့် ၃၀ နှစ်ကြား လူငယ်လူရွယ်များဖြစ်ကြကာ အမျိုးသားများနည်းတူ အမျိုးသမီးများလည်း မိသားစုကို စွန့်ကာထွက်ခွာလျက်ရှိသည်။

မြန်မာနိုင်ငံ နေရာအနှံ့အပြားမှ လူရွယ်လူငယ်များသည် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် သွားရောက် လုပ်ကိုင်ခဲ့ကြပြီး အများစုမှာ တရားမ၀င် (တောလမ်း) လမ်းမှသွားလာခဲ့ကြသည်။ တရားဝင် MoU လုပ်သားအဖြစ် နိုင်ငံတော်က စတင်စေလွှတ်ခဲ့သည့် ၂၀၁၃ ခုနှစ်တွင် ၂၂၆၉ ဦး သွားရောက်လုပ်ကိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် မြန်မာလုပ်သား ၃၁၈၂၈ ဦး၊ ၂၀၁၅ ခုနှစ်တွင် ၅၂၇၆၅ ဦး၊ ၂၀၁၆ ခုနှစ်တွင် ၉၇၉၉၈ ဦး။ အစိုးရသစ်သက်တမ်း တစ်နှစ်ကျော် ယခုနှစ်တွင် စံချိန်တင် မြင့်တက်လာကာ ဒီဇင်ဘာကုန်အထိ ၁၄၅၁၆၁ ဦး ထွက်ခွာခဲ့ပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် တရားဝင် အလုပ်သွားလုပ်ကြသော်လည်း အလုပ်အကိုင် မရရှိခြင်း၊ MoU ကိုခုတုံးလုပ်ပြီး လူကုန်ကူးမှုသဖွယ် လုပ်သားရောင်းဝယ် ပို့ဆောင်နေခြင်းတို့ကြောင့် မြန်မာနိုင်ငံသားများ အခက်အခဲ ဒုက္ခများစွာနှင့် အလုပ်မရဘဲ နေရပ်သို့ ပြန်လာရသူများလည်း အများအပြား ရှိခဲ့ကြောင်း သိရသည်။

ကိုရွှေသိန်း
Eleven Media Group


No comments:

Post a Comment