ခရစ္စတီယာနို ရော်နယ်ဒိုက စာချုပ်သစ်အတွက် လစာတိုးတောင်းတယ်ဆိုတဲ့ သတင်းတွေကြောင့် ရီးရဲလ်ပရိသတ်တွေကြားမှာ သူ့အနာဂတ်နဲ့ ပတ်သက်ပြီး စိုးရိမ်နေကြတယ်လို့ စပိန်သတင်းစာတစ်စောင်ဖြစ်တဲ့ El Confidencial မှာ ဖော်ပြပါတယ်။
လက်ရှိအချိန်မှာ ကစားသမားရဲ့ အေးဂျင့်နဲ့ ရီးရဲလ်အသင်း ဥက္ကဋ္ဌ ပီရက်ဇ်တို့က စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးနေကြောင်း နဲ့ စာချုပ်အသစ်အတွက် ရော်နယ်ဒိုတောင်းဆိုတဲ့ လစာပမာဏဟာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် များပြားနေကြောင်းလည်း သိရပါတယ်။
ရော်နယ်ဒိုဘက်က စာချုပ်အသစ်အတွက် တစ်ရာသီကို လစာ ယူရိုသန်း ၈၀ တောင်းဆိုထားတယ်လို့ သိရပြီး ဒီအတိုင်းသာ ရမယ်ဆိုရင် သူဟာ ကမ္ဘာ့လစာအကောင်းဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားမှာလည်း ဖြစ်ပါတယ်။
ရီးရဲလ်အသင်းနဲ့ ရော်နယ်ဒိုတို့ရဲ့စာချုပ်ဟာ ၂၀၂၀ – ၂၀၂၁ ရာသီ ပြီးဆုံးချိန်မှာမှ ကုန်ဆုံးမှာဖြစ်ပြီး ပီရတ်အနေနဲ့ ရော်နယ်ဒိုရဲ့ တောင်းဆိုမှုကို လိုက်လျောမယ်ဆိုရင် ကစားသမားကို ယူရို သန်း ၂၄၀ ထပ်မံပေးချေရမှာဖြစ်ပါတယ်။
သတင်းအရ လက်ရှိအချိန်မှာ အသင်းဘက်ကရော ကစားသမားဘက်ကပါ ဒီငွေပမာဏအတွက် ညှိနှိုင်းလိုခြင်းမရှိဘူးလို့သိရပြီး ဒီအခြေအနေက ရော်နယ်ဒို တစ်ယောက် နည်းပြဟောင်း ဇီဒန်းရဲ့လမ်းစဉ်အတိုင်း အသင်းကို စွန့်ခွာသွားမလားဆိုတာ ပရိသတ်တွေက စိုးရိမ်နေကြပါတယ်။
ရော်နယ်ဒိုရဲ့ စာချုပ်ဖျက်သိမ်းကြေးကို ရီးရဲလ်မက်ဒရစ်အသင်းက ယူရို ၁ ဘီလီယံအဖြစ် သတ်မှတ်ထားပြီး သူတောင်းဆိုတဲ့ ငွေကြေးပမာဏကို ရီးရဲလ်အသင်းဘက်က လိုက်လျော ဖွယ်မရှိဘူးလို့လည်း သတင်းစာက ဟောကိန်းထုတ်ထားပါတယ်။
DVB

No comments:
Post a Comment