Thursday, June 14, 2018
မင်းပြားမြို့နယ်တွင် ရေကြီးမှုကြောင့် ကျောင်းပေါင်း ၂၀၀ ခန့် ပိတ်ထားရ
မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးလာတာကြောင့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်က စာသင်ကျောင်းပေါင်း ၂၀၀ လောက်ကို ပိတ်ထားလိုက်ပြီလို့ မင်းပြားမြို့နယ် ပညာရေးဌာနက သိရပါတယ်။
မင်းပြားမြို့နယ် ဒု-မြို့နယ်ပညာရေးမှူး ဦးမောင်အောင်စိန်က “ဇွန်လ ၁၃ ရက်နေ့မှာ ဆိုရင် ကျောင်း ၂၅ ကျောင်း ပိတ်တယ်။ ဒီနေ့မှာဆိုရင်တော့ ကျောင်းအားလုံးနီးပါး ပိတ်လိုက်ပြီ၊ စုစုပေါင်း ကျောင်းပိတ်လိုက်တာက ၁၈၀ ကျော်ပိတ်ထားတယ်။ ကျန်တဲ့အဆက်အသွယ်မရတဲ့ နေရာတွေ ရှိနေတယ်။ ဘယ်လိုမှ ဖုန်းလိုင်း အဆက်အသွယ်မရဘူး။ အဆက်အသွယ်မရတာ ကျောင်းပေါင်း ၃၀ လောက်ပဲ ကျန်တော့တယ်”လို့ ပြောပါတယ်။
မင်းပြားမြို့မှာ လက်ရှိ အချိန်အထိ ရေ ၅ ပေလောက်အထိ မြင့်တက်နေသလို မင်းပြားမြို့နယ်ထဲက ပန်းမြောင်းကြီးချောင်းကျေးရွာတွေ ဖြစ်ကြတဲ့ ဒုံးသား၊ ဆန်းဆိပ်၊ တံခွန်တိုင်၊ ကုလားမတောင်၊ ဝါးတောင်၊ မင်းဖူး၊ အသေကာလကျေးရွာနဲ့ ပုလဲတောင် ကျေးရွာတို့မှာလည်း ရေ ၅ ပေကျော်အထိ တက်နေပါတယ်။
ဒါ့အပြင် မင်းပြားမြို့နယ် ဖုံသာချောင်းဘက်မှာ ဆိုရင် မင်းတမ်းမ၊ လက်ခုက်၊ စိတ္တရ၊ ကျောက်မော်၊ ဖုံသာချောင်း၊ သလူချောင်းကျေးရွာတွေတို့မှာလည်း ရေ ၆ ပေကျော်အထက် တက်နေတယ်လို့ သိရပါတယ်။
မင်းပြားမြို့နယ် ဒု-မြို့နယ်ပညာရေးမှူးက “ကျနော်တို့ ရုံးမှာတောင် ရေ ၅ ပေကျော် တက်နေပြီ၊ ဒါက မြို့ပေါ်မှာပဲ ရှိသေးတယ်။ မင်ပြားနယ်ဘက်တွေက ဖုံးသာချောင်း၊ ပန်းမြောင်ကြီးချောင်းဆိုရင် ၆ ပေကနေ ၇ ပေအထိ တက်နေတယ်။ ဒီလိုရေကြီးနေတဲ့အချိန်မှာ ဆရာ၊ ဆရာမတွေ နားခိုင်းထားပါတယ်။ အန္တရာယ်များလို့”လို့ ပြောပါတယ်။
မင်းပြားမြို့နယ်မှာ ရေဘေး စိုးရိမ်ရတဲ့အခြေအနေ ရှိနေပြီး ဒေသခံတွေဟာ ဘုန်းတော်ကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေမှာ ခိုလှုံနေကြရကာ မြောက်ဦး၊ အမ်းနဲ့ ဂွဒေသတွေဘက်မှာလည်း ရေကြီးနေလို့ ကူညီကယ်ဆယ်ရေးပေးဖို့ စီစဉ်နေတယ်လို့ ရခိုင်ပြည်နယ် ဘေးအန္တရာယ် စီမံခန့်ခွဲရေးမှူးရုံးက ဦးစီးမှူးရဲမင်းဦးက ပြောပါတယ်။
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ် အနှံ့အပြားမှာ ရေကြီးမှုတွေ၊ လေပြင်းနဲ့ လေဆင်နှာမောင်း တိုက်ခတ်မှုတွေကြောင့် လူနေအိမ်တွေ၊ ဘာသာရေး အဆောက်အအုံတွေ၊ စာသင်ကျောင်းတွေ ပျက်စီးပြီး လူနဲ့ တိရစ္ဆာန် သေဆုံးတာတွေလည်း ရှိပါတယ်။
ဝဏ္ဏခွာညို
DVB

No comments:
Post a Comment