Monday, June 11, 2018

ပြည်မြို့ ဇလုံကျေးရွာတွင် ချောင်းရေတိုက်စားမှုကြောင့် အိမ်ထောင်စုသုံးစု အရေးပေါ် ရွှေ့ပြောင်းရပြီး နေအိမ် ၂၀ ခန့် ထပ်မံရွှေ့ပြောင်းရမည့် အခြေအနေတွင်ရှိ


ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့ ဇလုံအုပ်စု ဇလုံကျေးရွာတွင် ချောင်းရေတိုက်စားမှုကြောင့် အိမ်ထောင်စုသုံးစု အရေးပေါ် ရွှေ့ပြောင်းခဲ့ရပြီး နေအိမ် ၂၀ ခန့် ထပ်မံရွှေ့ပြောင်းရမည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။

အဆိုပါ ဇလုံချောင်းရေမှာ ဇွန် ၉ ရက် ညမိုးရွာသွန်းခဲ့မှုကြောင့် ချောင်းရေအများအပြား စီးဆင်းခဲ့ပြီး ကမ်းပါးများပြိုကျကာ နေအိမ်နှစ်လုံးပြိုကျခဲ့ပြီး တစ်လုံးကို ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

“မြစ်ရေကြောင့် ပြိုတာမဟုတ်ဘူး။ ချောင်းရေကြောင့် ပြိုတာဆိုတော့ တောင်ကျရေနဲ့ ရွာက တောင်ကုန်းပေါ်မှာ လိုဖြစ်နေတော့ ပိုဆိုးသွားတာပေါ့။ ဌာနအနေနဲ့ ချောင်းကြောင်းဖြောင့်မယ် ဘတ်ဂျက်အနေအရ ဘတ်ဂျက်ရရင် တုတ်ရိုက်မယ်။ ဒါပေမဲ့ လောလောဆယ်တော့ လုပ်ပေးလို့ မရသေးဘူး။ မိုးပြီးမှပဲ လုပ်ပေးလို့ရမယ်။ လောလောဆယ်တော့ ပြိုတဲ့အိမ်သုံးအိမ်ပေါ့။ ရွာထဲမှာရှိတဲ့ ဆွေနီးမျိုးစပ်တွေဆီမှာနေဖို့ ညှိ နှိုင်းပေးခဲ့တယ်။ ဌာနဆိုင်ရာထောက်ပံ့တာနဲ့ဆို နည်းနည်းတော့ အဆင်ပြေမှာပါ။ ရွာလုံးကျွတ်ဆိုတဲ့ အနေအထားမှာတော့ မဟုတ်သေးဘူး။ ချောင်းနဲ့မြစ်နဲ့ဆုံတဲ့နေရာမှာ အဖြစ်များနေတာ” ဟု ပြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်က ပြောကြားသည်။

အရေးပေါ် ပြောင်းရွှေ့ပေးရမည့် အိမ်ခြေမှာ ၂၀ ခန့်ရှိနေပြီး ပြန်လည်ဆောက်လုပ် နေထိုင်ရန်နှင့် မြေနေရာရရှိရန်မှာ ပို၍အခက်အခဲရှိနေကြောင်း ဒေသခံများက ပြောကြားသည်။

“အရေးပေါ် ထပ်ရွှေ့ပေးရမယ့် အိမ်ခြေကတော့ နှစ်ဆယ်လောက်ရှိမယ်။ ဒါပေမဲ့ သူတို့အတွက်က မြေနေရာလိုအပ်တယ်။ မြေနေရာကမရှိဘူး။ ဒီချောင်းနံဘေးရေကာတာ၊ မြေထိန်းနံရံလိုမျိုး လုပ်ပေးမှပဲ အဆင်ပြေမယ်” ဟု ဇလုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမင်းထက်က ပြောကြားသည်။

ယင်းနေအိမ်များ ပြိုကျရာသို့ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချရေးစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ကြက်ခြေနီအသင်းများက သွားရောက်ကူညီ ကယ်ဆယ်မှုများပြုလုပ်နေပြီး ငွေကြေးနှင့် အခြားအသက်ကယ်ပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေလင်း (ပြည်)
Eleven Media Group

0 comments:

Post a Comment