Friday, June 15, 2018

ရခိုင်ပြည်နယ်တွင် ရေလမ်းဖြင့် ကျောင်းတက်နေရသော ကျောင်းသား ၄၀၀၀ ကျော်ကို အသက်ကယ်အင်္ကျီပေး


ရခိုင်ပြည်နယ်တွင် ရေလမ်းခရီးဖြင့် ကျောင်းတက်နေရသော ကျောင်းသား၊ ကျောင်းသူ ၄၀၀၀ ကျော်အတွက် အသက်ကယ်အင်္ကျီများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထောက်ပံ့ခဲ့သည်။ 

ရေလမ်းမှ ကျောင်းကိုသွားရသည့် ခရိုင်များဖြစ်သော စစ်တွေ၊ မြောက်ဦး၊ မောင်တော၊ ကျောက်ဖြူ၊ သံတွဲတို့မှာ ကျောင်းသား၊ ကျောင်းသူ ၄၂၀၀ ကျော်အတွက် အသက်ကယ်အင်္ကျီများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဇွန်လ ၁၃ ရက်က စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ 

“ကျွန်တော်တို့ ကြားနေရတာတော့ ရေလမ်းနဲ့ကျောင်းတက်နေရတဲ့ ကလေးတွေ အသက်ဆုံးရှုံးရတယ်။ တကယ်တော့ အသက်ကယ်အင်္ကျီရှိရင်ကူဖို့ ကယ်ဖို့အချိန်ရတယ်။ အချိန်ရရင် အသက်မသေနိုင်ဘူး၊ ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းရတယ်။ ရေလမ်းမှာသွားရင် အသက်ကယ်အင်္ကျီ၊ ဝတ်ရတယ်ဆိုတာ အကျင့်ပါသွားအောင်လို့”ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။ 

ရခိုင်ပြည်နယ်ရှိ စာသင်ကျောင်း ၁၀၀ ကျော်သို့ ကျောင်းသား၊ ကျောင်းသူများက ရေလမ်းမှတစ်ဆင့် သွားရောက်ကာ စာသင်ကြားနေရကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အသက်အန္တရာယ် ဘေးကင်းစေရေးအတွက် လှူဒါန်းထောက်ပံ့ရခြင်းဖြစ်ပြီး ကြိုတင်ကာကွယ်ရေး လေ့ကျင့်မှုများနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများကို ထောက်ပံ့ရန်ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။ 

ရခိုင်ပြည်နယ်ရှိ ကျောင်းသားများကို အသက်ကယ်အင်္ကျီများ ထောက်ပံ့မှုမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနှင့် ပထမဆုံးအကြိမ် လှူဒါန်းခြင်းဖြစ်ပြီး သက်ကယ်အင်္ကျီများအား ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ 

၂၀၁၆ ခုနှစ်အတွင်း ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွှီပြင်ကျေးရွာ အထက်တန်းကျောင်းမှ ကျောင်းတက်၍ အပြန်၌ ကျောင်းသား၊ ကျောင်းသူ ၂၈ ဦး စီးနင်းလိုက်ပါလာသော စက်လှေနစ်မြုပ်၍ ကျောင်းသား၊ ကျောင်းသူ ၇ ဦး သေဆုံးခဲ့ကြောင်း၊ ယင်းနောက် ရသေ့တောင်မြို့နယ်၌ ရန်အောင်ပြန် အထက်တန်းကျောင်းသို့ ကျောင်းတက်ရန်သွားသော ကျောင်းသား၊ ကျောင်းသူများ လိုက်ပါလာသော စက်လှေနစ်မြုပ်ရာ ကျောင်းသူ ၄ ဦး သေဆုံးခဲ့သည်။

The Voice

No comments:

Post a Comment