Friday, June 1, 2018

ရန်ကုန်တိုင်းတွင် Smart Card ထုတ်ပေးထားသည့် ကျူးကျော်များ နေရာချပေးရန် အချိန်အတိအကျ မပြောနိုင်သေးကြောင်း တိုင်းဒေသကြီးဝန်ကြီး ပြောကြား


ရန်ကုန်တိုင်းအတွင်း Smart Card ထုတ်ပေးထားသည့် ကျူးကျော်များကို နေရာချပေးရန် အချိန်အတိအကျ ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က မေ ၃၁ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ပြောကြားသည်။

လှိုင်သာယာမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင် (ခ) ဦးဦးဝင်းမောင်က ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်များ အဆင့်မြှင့်တင်ရေး ကြီးကြပ်မှုကော်မတီအနေဖြင့် လှိုင်သာယာ စက်မှုဇုန်များ အပါအ၀င် ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရန် မည်သို့သော လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်နေခြင်း ရှိ မရှိ၊ စက်မှုဇုန်များ အဆင့်မြှင့်တင်ရေး ကြီးကြပ်မှုကော်မတီအနေဖြင့် မည်သည့်ကဏ္ဍများကို အဆင့်မြှင့်တင် ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးခွန်းကို ၀န်ကြီးမှ ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“စက်မှုဇုန် အဆင့်မြှင့်တင်ရေးသာမက မြို့သစ်တွေ အဆင့်မြှင့်တင်ရေး၊ ဒဂုံမြို့သစ် လေးမြို့နယ် လှိုင်သာယာ၊ ရွှေပြည်သာကဲ့သို့ မြို့သစ်တွေ အဆင့်မြှင့်တင်ဖို့၊ ကျူးကျော်များကို ဖြေရှင်းရတာက ကျွန်မတို့အတွက် ကြီးမားတဲ့ကိစ္စ ဖြစ်ပါတယ်။ ကျူးကျော်များကို Smart Card ထုတ်ပေးခြင်း အဆင့်တော့ ပြီးသွားပြီ။ သူတို့ကို ပြန်လည်နေရာချထားပေးဖို့တော့ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ ဆက်လက် စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ သို့သော်လည်း ဆောင်ရွက်ရတဲ့ လုပ်ငန်းအဆင့်ဆင့်တွေ၊ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ များပြားတဲ့အတွက် အချိန်အတိအကျ ပြောဆိုနိုင်ခြင်း မရှိသေးပါဘူး။ စက်မှုဇုန်အဆင့်မြှင့်တင်ဖို့ ကျူးကျော်ဖယ်ရှားရေးကလည်း အရေးကြီးပါတယ်။ ကျူးကျော်နေရာပြန်ချပေးရေး အရေးကြီးတဲ့အတွက် တစ်ချိန်တည်း တစ်ပြိုင်တည်း ဆောင်ရွက်လျက် ရှိပါတယ်” ဟု ၀န်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

ကျူးကျော်အများဆုံးရှိသည့် မြို့နယ်မှာ လှိုင်သာယာမြို့နယ်ဖြစ်ပြီး လှိုင်သာယာ စက်မှုဇုန်သည်လည်း လက်ရှိလည်ပတ်နေသော စက်ရုံအရေအတွက်နှင့် အလုပ်သမား ဦးရေမှာ အခြားဇုန်များနှင့် နှိုင်းယှဉ်လျှင် များပြားကြောင်း၊ လမ်းများအခြေအနေ ဆိုးဆိုးရွားရွား ပျက်စီးခြင်းမရှိသော်လည်း ကျူးကျော်များပြားခြင်းသည် အဓိကပြဿနာဖြစ်နေခြင်းနှင့် ထိုသို့ကျူးကျော်တဲ များပြားစွာ ရှိနေခြင်းကြောင့် အမှိုက်နှင့် ရေမြောင်းပိတ်ဆို့ခြင်းကို ဆောင်ရွက်ရန် အခက်အခဲများ ရှိနေကြောင်း ၀န်ကြီးက ဆက်လက်ပြောကြားသည်။

ဆန်းထူးအောင်၊ ပြည့်ဖြိုးအောင်
Eleven Media Group

No comments:

Post a Comment