Monday, July 9, 2018

အဆိုတော်အစ္စဏီနှင့် မော်ဒယ်စူးရှထက်အမှုကို မြို့နယ်တရားရုံးမှ ခရိုင်တရားရုံးသို့ ပြောင်းရွှေ့စစ်ဆေးပေးရန် တရားလိုဘက်က လျှောက်ထား


အဆိုတော်အစ္စဏီနှင့် မော်ဒယ်စူးရှ ထက်တို့အမှုတွင် တရားလိုဖြစ်သူ မော်ဒယ်စူးရှထက်က ၎င်းတို့အမှုကို လက်ရှိစစ်ဆေးနေသည့် တာမွေမြို့နယ်တရားရုံးမှ အရှေ့ပိုင်းခရိုင်တရားရုံးသို့ ပြောင်းရွှေ့စစ်ဆေးပေးရန် လျှောက်ထားကြောင်း အစ္စဏီ၏ရှေ့နေ ဦးကျော်ဇင်ဦး (တရားလွှတ်တော်ရှေ့နေ) ၏ ပြောကြားချက်အရ သိရသည်။

ယင်းကြောင့် ဇူလိုင် ၉ ရက်တွင် တာမွေမြို့နယ်တရားရုံး၌ တရားလိုမော်ဒယ်စူးရှထက်ကို ဆက်လက်စစ်ဆေးရန် ချိန်းဆိုခဲ့သော်လည်း မစစ်ဆေးဖြစ်ဘဲ ရုံးချိန်းကို ပြန်လည်ချိန်းဆိုခဲ့သည်။ တရားလို ရုံးချိန်းမလာ ရောက်မှုနှင့်ပတ်သက်၍ တရားလိုဘက်မှ ရှေ့နေဖြစ်သူ ဥပဒေအရာရှိကို မီဒီယာများက မေးမြန်းကြသော်လည်း စွပ်စွဲခံရသူ၏ ရှေ့နေကို မေးမြန်းရန်သာ ပြန်လည်ဖြေကြားသည်။

“ဒီနေ့ တရားလိုမလာပါဘူး။ ဆရာဦး ရောဘတ်စန်းအောင်လည်း မလာပါဘူး။ ဒါပေမဲ့လို့တော့ တရားလိုရဲ့ရှေ့နေ ဥပဒေအရာရှိကတော့ ရုံးတော်ကို တင်ပြပါတယ်။ တရားလိုကနေပြီးတော့ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံး ရာဇ၀တ်ပြင်ဆင်မှုအမှတ် ၆၅/၂၀၁၈ နဲ့ ရုံးပြောင်းလျှောက်ထားတဲ့အတွက် တရားလို မစစ်ဆေးပါဘူးလို့ တင်ပြတဲ့အတွက် ရုံးတော်ကနေပြီးတော့ နောက်ရုံးချိန်းတစ်ချိန်း ထပ်မံထားပါတယ်။ နောက်ရုံးချိန်းကတော့ အပေါ်ရုံးကနေ အမှုတွဲယူသွားပြီဆိုရင်တော့ ကျွန်တော်တို့ ဒီမှာဆက်မစစ်ပါဘူး။ ဘယ်အကြောင်းအရာနဲ့ ပြောင်းရွှေ့တယ်ဆိုတာတော့ မသိပါဘူး။ ဒီရုံးကတော့ လုံခြုံရေး အပြည့်ပေးတယ်။ ကျွန်တော်တို့ မှန်မှန်ကန်ကန်လည်း စစ်ဆေးပေးတယ်။ ကျွန်တော်တို့ကလည်း မှန်မှန်ကန်ကန်နဲ့ ထုတ်ဖော်ပြီးတော့ ဒီနေ့မှာ ဆက်လက်ပြီး အမှန်တရား ဖော်ထုတ်ဖို့လာတဲ့အခါမှာ တရားလိုက ဘယ်အကြောင်းပြချက်နဲ့တော့ မသိဘူး။ ရုံးပြောင်း လျှောက်ထားပါတယ်” ဟု အစ္စဏီ၏ရှေ့နေ ဦးကျော်ဇင်ဦး (တရားလွှတ်တော်ရှေ့နေ)က ဖြေကြားသည်။

စစ်ဆေးခဲ့သည့် အမှုစစ်ဆေးချက်များနှင့်ပတ်သက်၍ စွပ်စွဲခံရသူ အစ္စဏီအနေဖြင့် လုပ်ကြံစွပ်စွဲခံရသည့်အကြောင်း တရားရုံးသို့ သက်သေများနှင့် တင်ပြထားကြောင်း၊ ယနေ့ (ဇူလိုင် ၉ ရက်) ရုံးချိန်းတွင်လည်း စွပ်စွဲခံရသူအနေဖြင့် လုပ်ကြံဖန်တီးပြီး တရားစွဲ ဆိုခံရတယ်ဆိုတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဆက်လက်တင်ပြဖို့အခွင့်အရေးအတွက် လာရောက်သည့်အခါတွင် တရားလို မော်ဒယ်မှာ ရုံးချိန်းမလာသည့်အတွက် စွပ်စွဲခံရသူ အစ္စဏီအနေဖြင့် ချုပ်နှောင်ခံနေရသူဖြစ်သဖြင့် နစ်နာမှုများ ဖြစ်ပေါ်နေကြောင်း၊ တရားလိုဘက်က ရုံးပြောင်းလျှောက်ထားခြင်းနှင့်ပတ်သက်၍ မည်သည့်နေ့က လျှောက်ထားပြီး မည်သည့်အချိန်ထိ ကြာမြင့်မည်ဆိုသည်မှာ အထက်တရားရုံး၏ ရုံးလုပ်ထုံးလုပ်နည်းများဖြစ်သည့်အတွက် ၎င်းအနေဖြင့် မသိရှိနိုင်ကြောင်း၊ အထက်တရားရုံးများ အနေဖြင့် လျင်လျင်မြန်မြန် မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ပေးမည်ဟု ယုံကြည်ကြောင်း ဦးကျော်ဇင်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ကတော့ ရုံးတော်ကို အမှန်တရားအတိုင်း ထုတ်ဖော်တင်ပြနေပါတယ်။ ရုံးတော်ကတော့ နောက်ဆုံးအနေနဲ့ ဆုံးဖြတ်ချက်တစ်ခု သုံးသပ်ပြီးတော့ ဆုံးဖြတ်ပေးမှာပါ” ဟု ဦးကျော်ဇင်ဦးက ပြောကြားသည်။

လက်ရှိတွင် အဆိုတော်အစ္စဏီကို တာမွေမြို့နယ်တရားရုံး တွဲဖက်မြို့နယ်တရားသူကြီး (၁) တရားခွင်၌ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆၊ ၃၂၄၊ ၃၂၃ တို့ဖြင့် စွဲဆိုထားသည်။

ယင်းအမှုဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် ဧပြီ ၁၀ ရက် ညပိုင်းက မော်ဒယ်အမျိုးသမီးသည် သူငယ်ချင်းများနှင့်အတူ ဆယ်လီအရက်ဘားသို့ ရောက်ရှိနေစဉ် နံနက် ၂ နာရီကျော်ခန့်တွင် ရည်းစားဟောင်းဖြစ်သူ အဆိုတော်အစ္စဏီ (ခ) ဟန်ထွန်းဇော်က ဘားအတွင်းသို့ ၀င်ရောက်ကာ ပြဿနာရှာနေသောကြောင့် မော်ဒယ်အမျိုးသမီးမှာ ၎င်းနေထိုင်ရာ တိုက်ခန်းသို့ ကားငှားပြန်ခဲ့ကြောင်း၊ ယင်းကားနှင့်အတူ အစ္စဏီကလည်း အတူလိုက်ပါခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ထို့နောက် နေအိမ်အရောက်တွင် အဆိုတော်အစ္စဏီက မော်ဒယ်အမျိုးသမီးအင်္ကျီအား အတင်းဆွဲချွတ်သဖြင့် မော်ဒယ်အမျိုးသမီးက ရုန်းကန်စဉ် ဦးခေါင်းနှင့် မှန်ဗီရို တိုက်မိခဲ့ရာ ဦးခေါင်းနာကျင်ခဲ့သည့်အပြင် ခန္ဓာကိုယ်အား ဖျစ်ညှစ်ခြင်း၊ ယာလက်ညှိး၊ လက်ခလယ် လက်သန်းခွံများကို လှန်ချိုးခြင်း တို့ပြုလုပ်သဖြင့် နာကျင်၍ သတိမေ့နေစဉ် သားမယား နှစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ သတိပြန်ရလာစဉ် ပတ်ဝန်းကျင်အား အကူအညီတောင်းရန် ကြိုးစားခဲ့ရာ အစ္စဏီက ဗီရိုမှန်ကွဲစဖြင့် ခြစ်ခဲ့သဖြင့် ယာခြေထောက် ပြတ်ရှဒဏ်ရာရခဲ့ကြောင်း၊ ထို့နောက် မော်ဒယ်အမျိုးသမီးက အိမ်သာအသုံးပြုမည်ဟု အကြောင်းပြကာ အိမ်သာတံခါးလော့ခ်ချပြီး သူငယ်ချင်းတစ်ဦးထံ ဖုန်းဆက်အကူအညီတောင်းခံခဲ့ရာ နံနက် ၅ နာရီတွင် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ ရောက်ရှိလာပြီး ကယ်တင်နိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။


နေမျိုးဝင်း
Eleven Media Group

No comments:

Post a Comment