သက်တမ်းကြာရှည်နေပြီဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ဟာ ကြံ့ခိုင်မှု အားနည်းနေတဲ့အတွက် လာမယ့် အာဇာနည်နေ့မှာ ပထမထပ်ကို အများပြည်သူတွေ ဝင်/ထွက် ကြည့်ရှုခွင့်ရတော့မှ မဟုတ်ဘူးလို့ အစိုးရပြန်ကြားရေး သတင်းအရ သိရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ရဲ့ ကြံ့ခိုင်မှုကို စစ်ဆေးခဲ့ရာမှာ အဆိုပါ အဆောက်အဦမှာ ဗိုလ်ချုပ်အောင်ဆန်း မိသားစု နေထိုင်ဖို့သာ ဆောက်လုပ်ထားတဲ့ အဆောက်အဦ ဖြစ်သလို သက်တမ်းအားဖြင့် ၉၇ နှစ် ရှိနေပြီး ပထမထပ်မှာ ကြံ့ခိုင်မှု အားနည်းနေတာတွေကြောင့် ဘေးအန္တရာယ် ရှိနိုင်ကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ပြီးခဲ့တဲ့နှစ် နှစ် ၇ဝ ပြည့် အာဇာနည်နေ့ တရက်တည်းမှာ လေ့လာကြည့်ရှုသူ ပြည်သူ ၃၂၂၆၈ ဦး ရှိခဲ့လို့ အခုနှစ်အတွက် အဆောက်အဦရဲ့ ခံနိုင်ဝန်နဲ့ ကြံ့ခိုင်မှုအရ ဘေးအန္တရာယ်ရှိနိုင်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းက အကြံပြုထားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် လာမယ့် ၇၁ နှစ်မြောက် အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ဇူလိုင် ၁၉ ရက်မှ ၂၁ရက် မနက် ၆ နာရီမှ ည ၆ နာရီထိ ပြတိုက် မြေညီထပ်ကိုသာ အများပြည်သူတွေ ဝင်/ထွက် ကြည့်ရှုစေပြီး ပထမထပ်ရှိ ပြခန်းတွေကိုတော့ LED Board နဲ့ ခြံဝင်းအတွင်းမှာ ပြသဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချုပ်ပြတိုက်လမ်း(တာဝါလိန်းလမ်း)ရှိ ဗိုလ်ချုပ်ပြတိုက်ကို ဇူလိုင် ၂၂ ရက်ကစပြီး တနင်္လာနေ့နဲ့ အစိုးရရုံးပိတ်ရက်မပါ ကျန်နေ့တွေမှာတော့ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ ပြတိုက်ရဲ့ မြေညီထပ်နဲ့ အပေါ်ထပ်ကို ပုံမှန်အတိုင်း ဖွင့်လှစ်ပြသမှာ ဖြစ်ပါတယ်။
ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၇၁ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတော်အခမ်းအနားကို အာဇာနည်ဗိမာန်မှာ ကျင်းပဖို့ရှိနေရာမှာ လုံခြုံရေး ကျိုးပေါက်မှု မရှိစေရေး အလေးထားဆောင်ရွက်ဖို့ သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ညွန်ကြားထားပါတယ်။
ဓာတ်ပုံ-MOI
DVB

No comments:
Post a Comment