ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂါလီမွတ်စလင်ဒုက္ခသည်များကို ငြိမ်းချမ်းသောနည်းလမ်းတစ်ရပ်ဖြင့် ပြန်လည်လက်ခံရေးအတွက် ဖိအားပေးမှုကို မြှင့်တင်ခြင်း တစ်စိတ်တစ်ဒေသအဖြစ် ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံအတွက် အတည်ပြုမည့် စီမံကိန်းများကို ရပ်ဆိုင်းလိုက်သည်ဟု ဘင်္ဂလားဒေ့ရှ်ဘဏ္ဍာရေးဝန်ကြီး အေအမ်အေမူဟစ်က ဇူလိုင် ၁ ရက်တွင် ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရ သတင်းဌာနက ဖော်ပြခဲ့သည်။
“ဘင်္ဂါလီမွတ်စလင် (မူရင်း၌ ရိုဟင်ဂျာ ဟုဖော်ပြ) တွေအတွက်နဲ့ တခြားဒုက္ခရောက်နေတဲ့ လူ့အသိုင်းအ၀ိုင်းတွေအတွက်ကလွဲလို့ မြန်မာနိုင်ငံအတွက် အတည်ပြုပေးမယ့် စီမံကိန်းအားလုံးကို သူတို့က ရပ်ဆိုင်းလိုက်ပါတယ်” ဟု မူဟစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒက္ကာရှိ သူ၏ရုံးခန်း၌ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယောင်ကင်နှင့် တွေ့ဆုံပြီးနောက် ဂျာနယ်လစ်များအား ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိလာသော ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တို့က လူဦးရေအလွန်များပြားသော်လည်း ဘင်္ဂါလီမွတ်စလင်ဒုက္ခသည် ၁၀ သိန်းခန့်ကို ခိုလှုံခွင့်ပေးခဲ့သည့် နိုင်ငံအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကျေးဇူးတင်သည် ဟုပြောကြားခဲ့ကြောင်း၊ ဒုက္ခသည်များကို မြန်မာနိုင်ငံက ပြန်လည်လက်ခံရန် ကမ္ဘာ့အသိုင်းအ၀ိုင်းက ဖိအားတိုးမြှင့်ပေးနေသည့် အချိန်၌ ကမ္ဘာ့ဘဏ်နှင့် ကုလသမဂ္ဂတို့မှ အကြီးအကဲများ လာရောက်မှုသည် လူအများ အာရုံစိုက်မှုရရှိအောင် ပြုလုပ်ရာ၌ အထောက်အကူပြုလိမ့် မည်ဟု မူဟစ်က ဆိုသည်။
“သူတို့ဟာ သူတို့နိုင်ငံကို ပြန်ရပါလိမ့်မယ်။ ကျွန်တော်တို့က ယာယီခိုလှုံခွင့်ပေး ထားတာပါ။ သူတို့အနေနဲ့ အကြောက်အလန့် မရှိဘဲ နေထိုင်နိုင်အောင်လို့ မြန်မာနိုင်ငံမှာ ဘင်္ဂါလီမွတ်စလင် (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) တွေအတွက် ဘေးကင်းလုံခြုံရေးဇုန်တစ်ခု ဖန်တီးပေးဖို့ ကုလသမဂ္ဂအနေနဲ့ ခြေလှမ်းတွေ လှမ်းဖို့ကို ကျွန်တော် ပြောခဲ့ပါတယ်” ဟုလည်း မူဟစ်က ပြောကြားခဲ့သည်။
မူဟစ်က ကမ္ဘာ့ဘဏ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂါလီမွတ်စလင်ဒုက္ခသည်များကို ထောက်ပံ့ရန် အမေရိကန်ဒေါ်လာ သန်း ၄၈၀ ပေးမည်ဟု အာမခံခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။
“ကမ္ဘာ့ဘဏ်က ဘင်္ဂါလီမွတ်စလင် (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) တွေအတွက် အမေရိကန်ဒေါ်လာ သန်း ၄၈၀ စုဆောင်းထား ပါတယ်။ အဲဒီလိုအာမခံထားတာတွေအနက် ဒေါ်လာသန်း ၅၀ လောက်ကို အချိန်တိုတစ်ရက်အတွင်း ပေးမှာဖြစ်ပါတယ်။ ကျန်တဲ့ပမာဏကိုတော့ နှစ်နှစ်အတွင်း ပေးမှာဖြစ်ပါတယ်” ဟုလည်း မူဟစ်က ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ် ဘဏ္ဍာရေးဝန်ကြီးက ဘင်္ဂါလီမွတ်စလင်ဒုက္ခသည်များအတွက် ကုန်ကျခဲ့သည်များကို ကာမိစေရန်အတွက် အမေရိကန်ဒေါ်လာသန်း ၅၀ ခန့်ကိုလည်း ပေးလိမ့်မည်ဟု ဆိုသည်။
မေးခွန်းတစ်ခုအား ပြန်လည်ဖြေကြားရာတွင် ဘင်္ဂလားဒေ့ရှ်အစိုးရက ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်ဘတ်ဂျက်၌ ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်များအတွက် တာကာ သန်း ၄၀၀၀ သတ်မှတ်ပေးထားသည်ဟု မူဟစ်က ဆိုသည်။
Ref ; Independent
Eleven Media Group
No comments:
Post a Comment