မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ အဖြစ် အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့ ဦးကျော်ကျော်မောင်ကို နိုင်ငံတော်သမ္မတက ပြန်လည်ခန့်အပ် တာဝန်ပေးလိုက်ပါတယ်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေပုဒ်မ ၉ ပါ ပြဋ္ဌာန်းချက်အရ ခန့်အပ်တာဝန်ပေးလိုက် တာလို့ ဇူလိုင် ၃၁ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ သမ္မတရုံးအမိန့် စာမှာဖော်ပြထားပါတယ်။
လက်ရှိ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်ကို မကြာခင်သက်တမ်းကုန်ဆုံး လစ်လပ်တော့မယ့် ဗဟိုဘဏ် ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ဖို့ သမ္မတက ပြည်ထောင်စု လွှတ်တော်ကို ပြီးခဲ့တဲ့ သတင်းပတ်က တင်ပြခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဇူလိုင် ၃၁ရက် ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်အမတ်တွေက ကန့်ကွက်တာမရှိတဲ့အတွက် သမ္မတက အတည်ပြု ခန့်အပ်လိုက်တာပါ။
လက်ရှိတိုင်းပြည်ရဲ့ စီးပွားရေးနှေးကွေးနေပြီး မြန်မာကျပ်ငွေတန်ဖိုးဟာ အမေရိကန် ဒေါ်လာနဲ့ လဲလှယ်ရာမှာ စံချိန်တင်ကျဆင်းနေချိန်မှာ နိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ ဗဟိုဘဏ်ကို ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်ဆောင်နိုင်မယ့်သူတစ်ဦးဦးဖြစ်လာဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက မျော်လင့်နေခဲ့ကြတာပါ။
ခုလိုလက်ရှိဥက္ကဋ္ဌကို တာဝန်ပြန်ပေးဖို့ ဆုံးဖြတ်မှုအပေါ်မှာတော့ မိမိတို့ရဲ့ အထက်တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်မှုဖြစ်တာကြောင့် ကန့်ကွက်သွားမှာမဟုတ်ဘူးလို့ အန်အယ်လ်ဒီ ပါတီကိုယ်စားလှယ်တွေက ဆိုပါတယ်။ ဦးကျော်ကျော်မောင်ဟာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ၁၁ဦးမြောက် ဥက္ကဋ္ဌ တာဝန်ကို ၂၀၁၃ ခုနှစ် သြဂုတ် ၁ရက်နေ့က စတင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး နောက်ထပ် ၅ နှစ်သက်တမ်းကို ထပ်မံ တာဝန်ထမ်းဆောင်ရမှာပါ။
DVB

No comments:
Post a Comment