၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲပေးနိုင်ခွင့်ရှိသူများစာရင်း (မဲဆန္ဒရှင်စာရင်း)များကို ဇူလိုင် ၉ ရက်တွင် စတင်ကြေညာမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒနယ် များတွင်ပါဝင်သည့် မြို့နယ်များ၌ ပြည့်စုံ မှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိနိုင်ရန် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းများကိုအခြေခံ၍ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် စိစစ်ခဲ့ကြောင်း သိရသည်။ အဆိုပါ မဲဆန္ဒရှင်စာရင်းများကို ဇူလိုင် ၉ ရက်မှ ၂၂ ရက်အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများနှင့် ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများတွင် ပထမအကြိမ်ကပ်ထားပြီး ကြေညာပေးမည်ဖြစ်သည်။
ယင်းသို့ကြေညာထားစဉ် ပြည့်စုံမှန်ကန်သော မဲစာရင်းရရှိရေးအတွက် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သွားရောက် ကြည့်ရှုရမည်ဖြစ်ပြီး မိမိအမည်စာရင်းမပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းထည့်ပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းအချက်အလက် မှားယွင်းနေပါက ပုံစံ(၄-က)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ ကိုဆောင်ရွက်ရန်နှင့် လိုအပ်သောပုံစံများ ကိုလည်း ကျေးရွာ၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူနိုင်ကြောင်းကိုလည်း အသိပေးထားသည်။ ထိုသို့ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့အတွက် မဲစာရင်းများကို အောက်တို ဘာလအတွင်း နောက်ဆုံးအကြိမ်အဖြစ် ၁၄ ရက်ကြာ ထပ်မံကြေညာပေးသွားမည်ဟုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အသိပေးထားသည်။
လက်ရှိအချိန်တွင် ပြည်သူ့လွှတ်တော် ၄ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် ၈ နေရာ၊ စုစုပေါင်း ၁၃ နေရာအတွက် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ပြီး လစ်လပ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များမှာ ကန်ပက်လက်၊ လဲချား၊ တာမွေနှင့် မြင်းခြံမြို့နယ်၊ လစ်လပ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များမှာ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၂ (မြစ်ကြီးနား)၊ လစ်လပ်တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များမှာ မတူပီမြို့နယ် မဲဆန္ဒနယ် အမှတ် ၁၊ တမူး မဲဆန္ဒနယ် အမှတ် ၂၊ အုတ်တွင်းမဲဆန္ဒ နယ် အမှတ် ၁၊ သပိတ်ကျင်းမဲဆန္ဒနယ် အမှတ် ၁၊ ရသေ့တောင်မဲဆန္ဒနယ် အမှတ် ၂၊ မင်းဘူးမဲဆန္ဒနယ် အမှတ် ၂၊ ဆိပ် ကမ်းမဲဆန္ဒနယ် အမှတ် ၂ နှင့် မန္တလေး တိုင်းဒေသကြီးတခုလုံးအတွက် ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တို့ သိရသည်။
လင်းလင်းအောင်
News Watch







0 comments:
Post a Comment