ထိုင်းမြောက်ပိုင်း၊ မယ်ဆိုင်မြို့၊ ခွန်နမ့်ဒွိုင်နန်းနွန်း လိုဏ်ဂူကြီးထဲ ပိတ်မိနေတဲ့ မူပါ (တောဝက်) အကယ်ဒမီဘောလုံးအသင်းဝင် ၁၃ ဦးအနက် ၄ ဦးကို မနေ့ညက ဘေးကင်းစွာ ဂူအပြင် ခေါ်ထုတ်နိုင်ခဲ့ပြီး ကျန်တဲ့ ၉ ဦးကိုကယ်ထုတ်ဖို့ ဒီနေ့မနက် ၁၁ နာရီက ရေငုပ်သမားတွေ စေလွှတ်လိုက်ပါတယ်။
မနေ့က ကလေး ၄ ဦး အပြင်ရောက်လာပြီးတဲ့နောက် ကယ်ဆယ်ရေးလုပ်ငန်းနဲ့ ပတ်သက်လို့ ပြန်လည်ဆွေးနွေးသုံးသပ်တာ၊ သင်ခန်းစာယူတာ၊ လျော့ရဲနေတဲ့ ရေအောက် လမ်းပြကြိုးတွေ ပြန်တင်းတာ၊ အောက်စီဂျင်ဘူးတွေ ပြည်လည်ဖြည့်တင်း ချထားတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဒီကနေ့မနက်မှာ ရေငုပ်သမားတွေလည်း အနားယူ အင်အားဖြည့်တင်းပြီးသလို ရာသီဥတု အခြေအနေလည်း ကောင်းနေလို့ မနက် ၁၁ နာရီကစ ကယ်ဆယ်ရေးအဖွဲ့ကို စေလွှတ်လိုက်ပြီလို့ တောဝက် အကယ်ဒမီဘောလုံးသမား ၁၃ ဦး ကယ်ဆယ်ရေးလုပ်ငန်း ဥက္ကဋ္ဌဖြစ်တဲ့ အရင် ချင်းရိုင်ခရိုင်ဝန်ဟောင်း၊ လက်ရှိ ဖယောင်း ခရိုင်ဝန်သစ် နိုင်းနရုန်းဆဒ် အိုးဆုခ်ထနားကွန်းက ဒီနေ့မွန်းလွဲပိုင်း သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
ဒီနေ့မနက် စေလွှတ်လိုက်တဲ့ ကယ်ဆယ်ရေးအဖွဲ့ထဲမှာ မနေ့က ရေငုပ်သမားတွေရော၊ နိုင်ငံတကာ ရေငုပ်သမားတွေအပြင် နောက်ထပ်လူအင်အားတွေ ပိုမိုဖြည့်တင်းခဲ့ကြောင်း၊ ဂူထဲက ရေအခြေအနေလည်း မနေ့ကအတိုင်းပဲဆိုရင် ဒီနေ့ည ၈ နာရီနဲ့ ၁ဝ နာရီကြားမှာ ကလေးတွေကို ထပ်ခေါ်ထုတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ခရိုင်ဝန်က ဆက်ပြောပါတယ်။
ချင်းရိုင်ဆေးရုံကြီးမှာ ရောက်ရှိနေတဲ့ ကလေး ၄ ဦးမှာ လက်ရှိ ရောဂါပိုးတွေ စစ်ဆေးဆဲမို့ ကလေးတွေ ကျန်းမာရေးပေါ် မူတည်ပြီးမှ သက်ဆိုင်ရာ မိဘဆွေမျိုးတွေနဲ့ တွေ့ခွင့်ပြုမယ်လို့ ဆိုပါတယ်။
မနေ့ညက သတင်းမီဒီယာတွေနဲ့ ပတ်သက်လို့ စိတ်အနှောင့်အယှက် ဖြစ်စရာမှာ ဂူထဲက ကယ်ဆယ်ရေးသမားတွေ အချင်းချင်း ဆက်သွယ်တဲ့ စကားပြောစက်က အပြင်ကို ပေါက်ကြားပြီး မမှန်သတင်း ထုတ်လွှင့်မှုတွေ ရှိခဲ့ကြောင်း၊ အထူးသဖြင့် ကလေး ၆ ဦး ထွက်လာတဲ့သတင်း မှားယွင်းနေကြောင်း၊ သတင်းဌာနတွေအနေနဲ့ သတင်းဦးရဖို့အတွက် မသေချာတဲ့ သတင်းနဲ့ ပြိုင်ဆိုင်ခြင်း မပြုလုပ်ဖို့ ကယ်ဆယ်ရေးလုပ်ငန်း ဒုဥက္ကဋ္ဌက ဖြည့်စွက် ပြောကြားပါတယ်။
ဒါ့အပြင် ကယ်ဆယ်ရေးလုပ်ငန်းအတွက် အနှောင့်အယှက်ဖြစ်စေတဲ့ အထူးသဖြင့် လူနာတင် ရဟတ်ယာဉ် ပြေးလမ်းကြောင်းကို နှောင့်ယှက်စေတဲ့ ဒရုန်းလွှင့်တင်တာကို တားမြစ်ထားပေမယ့် မနေ့ညက ကယ်ဆယ်ရေးလုပ်ငန်းနဲ့ မဆိုင်တဲ့ ဒရုန်း ၂ ခု လွှင့်တင်တာကို သိရှိရကြောင်း၊ ဒါဟာ ဥပဒေချိုးဖောက်ရာရောက်ပြီး သက်ဆိုင်ရာ ကာယကံရှင်က လာရောက်သတင်းပို့ ဖြေရှင်းဖို့၊ ပူးပေါင်းဆောင်ရွက်မှု အားလုံးအတွက်လည်း ကျေးဇူးတင်ရှိကြောင်း ကယ်ဆယ်ရေးတာဝန်ရှိသူက ပြောသွားပါတယ်။
DVB







0 comments:
Post a Comment