Thursday, July 12, 2018

အမြန်လမ်းမကြီးဘေး ကျူးကျော်နေထိုင်သူများကို စတင်ရှင်းလင်းတော့မည်

အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၀၅ မိုင် ၆ မှ မိုင်တိုင်အမှတ် ၁၂၀ မိုင် ၆ ဖာလုံအတွင်း ကျူးကျော်နေထိုင်တာတွေကို အမြန်ဆုံး ရှင်းလင်းသွားမှာဖြစ်ပြီး အခုလက်ရှိ ဖယ်ရှာပေးဖို့ သတိပေးစာတွေ လိုက်ဝေနေတယ်လို့ ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။
ကျူးကျော်စာရင်းကောက်ယူမှုကို မေလ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့မှာ ကောက်ယူခဲ့တာ ဖြစ်ပြီး စာရင်းကောက်ယူရာမှာ အမြန်လမ်းမကြီးရဲ့ လမ်းလယ်ကျွန်းမှပေ ၂၀၀ အတွင်းနဲ့ ပေ ၅၀၀ အတွင်းမှာရှိတဲ့ ဈေးဆိုင်ခန်းတွေ၊ လူနေအိမ်တွေနဲ့ လယ်စောင့်တဲတွေကို ကောက်ယူ ခဲ့တာပါ။ ကျူးကျော်နေထိုင်တဲ့ စာရင်းတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြခဲ့တာဖြစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့က အမြန်ဆုံးရှင်းလင်းဖို့ ညွှန်ကြားလာတာလို့ ဆိုပါတယ်။ အခုညွန်ကြားချက်မှာ အမြန်လမ်းမကြီးဘေးဝဲယာရှိ ပေ ၂၀၀ နဲ့ ပေ ၅၀၀ အတွင်း ဇူလိုင်လ ၃ ရက်နေ့မှစတင်ကာ ကျူးကျော်နေထိုင်တာတွေမဖြစ်အောင် တားဆီးဖို့နဲ့ ကျူးကျော်နေထိုင်သူတွေကိုလည်း အမြန်ဆုံးရှင်းလင်းဖို့ ညွှန်ကြားခဲ့တာလို့ ပြောပါတယ်။ ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက “အခုလက်ရှိ ညွန်ကြားချက်ရောက်လာတာကတော့ ၂ ရက် ၃ ရက်လောက်ပဲ ရှိသေးတယ်။ ၃ ရက် ၇ လ ၂၀၁၈ ရက်နေ့ကနေစပြီး လုံးဝထပ်ကျူးခွင့်မပြုဖို့၊ တားမြစ်ဖို့၊ နောက်ကျူးကျော်တာ လုံးဝမရှိဖို့နဲ့ လက်ရှိကျူးကျော်ထားတာတွေကိုလည်း ဖယ်ရှားရှင်းလင်းဖို့ ညွှန်ကြားချက် ရောက်လာတာပါ။ ဒါကိုလည်း ဥပဒေနဲ့အညီ ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် အုပ်ချုပ်ရေးပိုင်းက သီးခြားညွှန်ကြားချက်မရှိဘဲနဲ့ အမြန်လမ်းမကြီးဥပဒေအရ အမြန်လမ်းမကြီး ကြီးကြပ်ရေးအဖွဲ့ ကနေစပြီး သတိပေးစာတွေထုတ်နေပါပြီ။ ဘယ်ရက်နောက်ဆုံး ဖယ်ရှားပေးပါရယ်လို့တော့ မပါသေဘူး။ အမြန်ရှင်းလင်းဆောင်ရွက်ပါလို့ပဲ ညွှန်ကြားထားတယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။ တိုင်းဒေသကြီးအစိုးအဖွဲ့မှ ညွန်ကြားခဲ့တာဖြစ်ပြီး အခုလက်ရှိ ကျူးကျော်နေထိုင်သူတွေကို အမြန်လမ်းမကြီး ထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ သတိပေးစာဆေတွကို ဇူလိုင် ၉ ရက်နေ့က စတင်ထုတ်ပေးနေပြီး လိုက်နာဆောင်ရွက်မှု မရှိသူတွေကိုလည်း အမြန်လမ်းမကြီးဥပဒေအရ အရေးယူသွားမယ်လို့ ပြောပါတယ်။ ဖြူးမြို့နယ်အနေနဲ့ စာရင်းကောက်ယူမှု အချက်အလက်များအရ အမြန်လမ်းမကြီးရဲ့ အနောက်ဘက်ခြမ်းမှာ ၆၄ ခု၊ အရှေ့ခြမ်းမှာ ၈၈ ခုရှိပြီး လမ်းလယ်ကျွန်းမှပေ ၂၀၀ အတွင်း ဆောက်လုပ်ထားမှု ၂၈ ခု၊ လမ်းလယ်ကျွန်းမှပေ ၅၀၀ အတွင်း ၁၂၄ ခုရှိ စုစုပေါင်း ၁၅၂ ခုရှိပြီး ကျေးရွာ၊ လူနေအိမ်၊ ဈေးဆိုင်၊ လယ်စောင့်တဲ၊ ရဲကင်းနဲ့ တာဝါတိုင်တွေ ပါဝင်နေတယ်လို့ သိရပါတယ်။ သတင်း – ကျော်အောင်(ကညွတ်ကွင်း) DVB


No comments:

Post a Comment