ကယားပြည်နယ် (ကရင်နီ) ၏ သမိုင်းအမှန်နှင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု မစိုက်ထူရန်အတွက် ရေးသားထားသော စာများ ဖြန့်ချိသဖြင့် လူငယ်ခုနစ်ဦးအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာရှိတစ်ဦးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ) ဖြင့် လွိုင်ကော်မြို့နယ် တရားရုံးတွင် ဇူလိုင် ၅ ရက် က တရားစွဲဆိုခဲ့ကြောင်း သိရသည်။
ယင်းသို့ တရားစွဲဆိုရာတွင် တရားရုံးက အာမခံပေးခဲ့ပြီး အဆိုပါ လူငယ်ခုနစ်ဦးမှာ အာမခံဖြင့် ဆက်လက် တရားရင်ဆိုင်ရမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားရုံး ဆင့်ခေါ်ရာ၌ လူငယ် ၁၀ ဦးအမည်ဖြင့် ခေါ်ယူရာတွင် လူငယ်သုံးဦးမှာ မည်သူမှန်း မသိရှိရခြင်း၊ နေရပ်လိပ်စာ မတိကျခြင်းများကြောင့် စွပ်စွဲခံရသူ မစုံသောကြောင့် တရားလိုဖြစ်သူအား ပြန်လည်စိစစ်ပြီးမှ တင်ရန် တရားသူကြီးက တရားလို ထွေအုပ်အရာရှိအား ပြောကြားခဲ့ကြောင်း လူငယ်တစ်ဦးလျှင် ကျပ်သိန်း ၃၀ ဖြင့် အာမခံပြီး ဒုတိယအကြိမ် တရားရုံးချိန်းကို ဇူလိုင် ၁၂ ရက်သို့ ပြန်လည် ချိန်းဆိုခဲ့ကြောင်း သိရသည်။
“၁၂ ရက်နေ့ ပြန်ချိန်းတယ်ပေါ့နော်။ စွပ်စွဲခံရသူတွေ မစုံလို့။ သူတို့လာပေးတဲ့ဟာတွေက အဖေ၊ အမေ နာမည်လည်းမပါသလို တချို့ နာမည်ကလည်း မှားနေတာပေါ့နော်။ ဘယ်သူမှန်းလည်း မသိဘူးပေါ့နော်။ တချို့ဆို ကျွန်တော်တို့လည်း မသိဘူးပေါ့နော်။ အဓိက ကတော့ အဖေ၊ အမေ နာမည်တွေ မပါတာရယ်၊ နောက် နာမည် မပြည့်စုံတာရယ်ပေါ့နော်။ ကက်သရင်းဆို အများကြီးရှိတယ်လေ။ ဒီအမှုကို ဘယ်သူက စွဲတာလဲပေါ့နော်။ မေးခွန်းထုတ်ချင်တယ်။ သူတို့ အဓိက ကတော့ ကျွန်တော်တို့ကို နှိပ်ကွပ်ဖို့ပဲ လုပ်တယ်လို့ ထင်တယ်။ အမှန်ဆို ကျွန်တော်တို့ကိုတော့ တရားစွဲချင်တယ်။ အဲဒီလိုမျိုး ပေါ့ပေါ့လျော့လျော့ လုပ်တယ်ဆိုတာ ဒီတရားစွဲတဲ့ လူတွေရဲ့သဘော မဟုတ်ဘူးဆိုတာလည်း ကျွန်တော်တို့ မေးခွန်းထုတ်ချင်တယ် ။ နောက်တစ်ခုက တရားရုံးအနေနဲ့လည်း ဒီလို အချက်အလက် မပြည့်စုံတာကိုပေါ့နော်။ ဘာလို့ လက်ခံလဲ မေးခွန်းထုတ်ချင်တယ်။ နောက်တစ်ခုက မပါတဲ့လူတွေကိုလည်း ဆွဲထည့်တယ်ဆိုတော့ ဒါ ဒီလိုလုပ်လို့ ရလားပေါ့နော်။ ကျွန်တော်တို့ အဲဒါတွေကို မေးခွန်းထုတ်ချင်ပါတယ်” ဟု စွပ်စွဲခံရသူ တစ်ဦးဖြစ်သော ကိုဒီးဒီက ပြောဆိုသည်။
စွပ်စွဲခံရသူ ၁၀ ဦးတွင် သုံးဦးမှာ မတိကျ မသေချာသောကြောင့် ပြန်လည် တင်ပြရန် တရားသူကြီးက တရားလိုအား တောင်းဆိုထားပြီး စွပ်စွဲခံရသူ ကိုဒီးဒီ၏ ဇနီးနှင့် ညီမဖြစ်သူတို့မှာလည်း စာဖြန့်ဝေစဉ်က မပါဝင်ခဲ့သော်လည်း စွပ်စွဲခံသူ ၁၀ ဦးစာရင်းတွင် ပါဝင်နေကြောင်း သိရသည်။
ယခု စွပ်စွဲခံရသူ ခုနစ်ဦးမှာ ဌာနေ တိုင်းရင်းသားလူငယ်များ ဖြစ်ကြပြီး ကယား၊ ကယန်း၊ ကယော လူမျိုးများဖြစ်သော ကိုဒီးဒီ၊ ခွန်းမျိုး လှိုင်ဝင်း၊ ခွန်းဖိလစ်၊ စောလားဘွယ်၊ ခွန်း ဖရန်စစ္စကို၊ မရိုစီကျော်၊ မကာမေးလာ ဖြစ်ပြီး ကိုဒီးဒီမှာ စစ်အစိုးရ လက်ထက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအား ကန့်ကွက်မဲပေးရန် စည်းရုံးလှုံ့ဆော်မှုဖြင့် အနှစ် ၃၀ ကျော် ထောင်ချခံခဲ့ရပြီး ၂၀၁၇ ခုနှစ်ဒီဇင်ဘာက KNPP နှင့် တပ်မတော် ပဋိပက္ခဖြစ်စဉ်တွင် အရပ်သားတစ်ဦး သေဆုံးသည်ကို ဖော်ထုတ်ပေးရန် ဆန္ဒထုတ်ဖော်ရာ ထောင်ဒဏ် တစ်လခန့် ကျခံခဲ့သူဖြစ်ကြောင်း သိရသည်။
တရားစွဲခံရသော လူငယ်များမှာ ကယားပြည်နယ်တွင် အာဇာနည်နေ့ ကျင်းပခွင့်ကို တားမြစ်ခြိမ်းခြောက် ခံထားရသည့် ၂၀၁၂ ခုနှစ်မှစ၍ နှစ်စဉ် အာဇာနည်နေ့အား မပျက်မကွက် ပါဝင်လှုံ့ဆော်ခဲ့ကြသူများ ဖြစ်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ စည်းရုံးရေးခရီးစဉ်တွင် နေ့ ညလုံခြုံရေး ယူပေးခဲ့ကြသူများလည်း ပါဝင်ကြောင်း၊ မိမိတို့ ဌာနေများတွင် NLD အား မဲပေးရန် စည်းရုံးပေးခဲ့သူများ ဖြစ်ကြောင်း သိရသည်။
ဇွန် ၂၆ ရက်မှစ၍ ကယားပြည်နယ်တွင် မယ်စဲ့၊ ဖားဆောင်း၊ ဖရူဆို၊ ဒီးမော့ဆို၊ ရှားတော၊ လွိုင်ကော် စသည့် မြို့နယ်များသို့ လည်းကောင်း၊ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲနှင့် ဖယ်ခုံမြို့များသို့ ဗိုလ်ချုပ်ရုပ်တု တည်ဆောက်ခြင်းကို ကန့်ကွက်ကြောင်းနှင့် ကရင်နီသမိုင်း အမှန်အား ရေးသားထားသော စာများ ဖြန့်ချိခဲ့ကြောင်း၊ အိတ်ဖွင့်ပေးစာ တစ်စောင်ကို ကယားပြည်နယ်အစိုးရသို့ ဇွန် ၁၈ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကယားပြည်နယ် (ကရင်နီ) လွိုင်ကော်မြို့လယ်ရှိ ပန်းခြံအတွင်း တည်ဆောက်နေသည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဇူလိုင် ၃ ရက်တွင် ကရင်နီအင်အားစုများ စုပေါင်း၍ လွိုင်ကော်မြို့အတွင်း လှည့်လည် ဆန္ဒထုတ်ဖော်ရာ ရဲဝန်ထမ်းများနှင့် ဆန္ဒပြသူများ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မခိုင်
Eleven Media Group

No comments:
Post a Comment