Wednesday, July 25, 2018

ပုသိမ်ကြီးမြို့နယ်တွင် ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းအား ကန့်ကွက် ဆန္ဒထုတ်ဖော်မှုကြောင့် အမှုဖွင့်ခံထားရသည့် ဒေသခံများအား ရဲတပ်ဖွဲ့က အင်အား အလုံးအရင်းဖြင့် သွားရောက် ဖမ်းဆီးရာမှ ပဋိပက္ခဖြစ်ပွား


မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ဒဟတ္တောကျေးရွာအုပ်စု အောင်သပြေကျေးရွာအနီးတွင် တည်ဆောက်လျက် ရှိသည့် တစ်နေ့လျှင် တန်ချိန် ၅၀၀၀ ကျ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းအား ကန့်ကွက် ဆန္ဒထုတ်ဖော်မှုကြောင့် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉၊ လမ်းတံတား ဥပဒေပုဒ်မ ၂၂ တို့ဖြင့် အမှုဖွင့် ခံထားရသည့် ဒေသခံများအား ဇူလိုင် ၂၅ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာသို့ ရဲတပ်ဖွဲ့က အင်အား အလုံးအရင်းဖြင့် ၀င်ရောက် ဖမ်းဆီးရာမှ ရဲတပ်ဖွဲ့နှင့် ဒေသခံတို့အကြား ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၃ ရက်က ပုသိမ်ကြီးမြို့နယ် ဒဟတ္တောကျေးရွာအုပ်စု အောင်သပြေကျေးရွာ၊ သရက်ကိုင်းကျေးရွာ အစရှိသည့် ကျေးရွာများအနီးတွင် မြင့် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီက တည်ဆောက်လျက်ရှိသည့် တစ်ရက်လျှင် တန်ချိန် ၅၀၀၀ ကျ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ဒေသခံ ကျေးရွာသားများက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကြောင့်ဟုဆိုကာ မန္တလေးမြို့မှ နေပြည်တော်အထိ ချီတက် ဆန္ဒထုတ်ဖော်ရာ ရဲတပ်ဖွဲ့က မန္တလေးမြို့မ၀င်မီ အင်အား အလုံးအရင်းဖြင့် ပိတ်ဆို့ တားဆီးခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သည့် ဒေသခံ ငါးဦးကို ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉၊ လမ်းတံတားဥပဒေ ၂၂ တို့ဖြင့် အသီးသီး အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ အမှုဖွင့်ခံထားရသည့် ဒေသခံများကို ရဲတပ်ဖွဲ့က ဇူလိုင် ၂၅ ရက်တွင် အင်အား အလုံးအရင်းဖြင့် အဆိုပါကျေးရွာသို့ သွားရောက် ဖမ်းဆီးရာ အမှုဖွင့်ခံထားရသည့် ဒေသခံ တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်စဉ် ဒေသခံများက ပြန်လည် လုယူခဲ့ကြပြီး ဖမ်းဆီးခံထားရသူမှာ လွတ်မြောက်ခဲ့ပြီးနောက် ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခ ဆက်လက် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ကျွန်မတို့ရွာကို အခုလို လာဖမ်းမယ်ဆိုတာ အရင်နေ့ကတည်းက ကြားထားပါတယ်။ ဒီနေ့မနက် ရောက်လာတော့ ကျွန်မတို့ ရွာကို သူပုန်တွေကို ၀င်စီးသလိုပါပဲ။ ရဲတွေ အင်အားအများကြီးနဲ့ ၀င်လာတယ်။ အမှုဖွင့်ခံထားရတဲ့ ရွာက ဦးရွှေအုန်းကို ရဲတွေက ဖမ်းတဲ့အချိန်မှာ ကျွန်မတို့က ပြန်ဆွဲကြတယ်။ သူကတော့ လွတ်သွားတယ်။ အပြန်အလှန် ရုန်းကြ ဆွဲကြတွေ ဖြစ်ကြတယ်။ ကျွန်မကိုလည်း ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့်ထားတယ်လို့ သိရတယ်။ ကျွန်မတို့ကတော့ ဒီစီမံကိန်းကြီးဟာ ကျေးရွာကို ထိခိုက်တဲ့အတွက်
သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တဲ့အတွက် လက်မခံနိုင်ပါဘူး။ ဆက်ပြီးလည်း ကန့်ကွက်သွားမယ်။ အသက်ပေးပြီး ကန့်ကွက်သွားမယ်။ နောက်ထပ်ပြောချင်တာက ကျွန်မတို့ ယုံကြည်လို့ မဲပေးလိုက်တဲ့ အမေစုနဲ့
သမ္မတကြီး ဦးဝင်းမြင့်ကို တောင်းဆိုချင်ပါတယ်။ ကျွန်မတို့ ရွာလေးကို ကွင်းဆင်းကြည့်ပေးပါ။ ကျွန်မတို့ဒေသခံတွေကို ကူညီပါလို့ တောင်းဆိုချင်ပါတယ်}}ဟု ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့် ခံထားရသည့် အောင်သပြေကျေးရွာမှ ဒေါ်ယဉ်ယဉ်အောင်က ပြောကြားသည်။

ထို့ပြင် အဆိုပါ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံကို ကန့်ကွက်နေသည့် ပုသိမ်ကြီးမြို့နယ် ဒဟတ္တောကျေးရွာအုပ်စု သရက်ကိုင်းကျေးရွာနေ ဒေါ်မြမြအား ဇူလိုင် ၂၂ ရက်က ၎င်းပိုင်ဆိုင်သည့် မြေယာအတွင်း ခြံဝင်းခတ်ရာ အောင်သပြေ-သရက်ကိုင်း ကျေးရွာချင်းဆက် လမ်းပေါ်သို့ (ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံအနီး) ကျူးကျော်သည်ဟုဆိုကာ ပုသိမ်ကြီးမြို့နယ် ကျေး/လက် လမ်းတံတားဦးစီးဌာန က လမ်းတံတား ဥပဒေပုဒ်မ ၂၂ ဖြင့် အမှုဖွင့်ခဲ့သဖြင့် ရဲတပ်ဖွဲ့က အဆိုပါနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးခဲ့ပြီး ထိုသို့ ဖမ်းဆီးမှုအပေါ် ဒေသခံ ရွာသားများက မကျေနပ်သဖြင့် ပုသိမ်ကြီးမြို့နယ် ရဲစခန်းသို့ လာရောက် စုရုံးခဲ့ပြီး ဖမ်းဆီးခံရသူအား ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြရာ လူစုလူဝေး ဖြစ်ပေါ်ခဲ့ပြီး အနည်းငယ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဌေးလှအောင်
Eleven Media Group

No comments:

Post a Comment