Monday, July 9, 2018

ကယားပြည်နယ် မော်ချီးသတ္တုတွင်းဒေသ အမှတ်(၃) ခဲကျင်းအပေါ်ရှိ ပေါင်မုန့်ပုံကျောက်တုံးရှိရာနေရာမှ ကျောက်တုံးများပြိုကျလာသဖြင့် ရွှေ့ ပြောင်းနေထိုင်ကြရန် သတိပေး


ကယားပြည်နယ် မော်ချီးသတ္တုတွင်း ဒေသအမှတ်(၃) ခဲကျင်းအပေါ်ရှိ ပေါင်မုန့်ပုံ ကျောက်တုံးရှိရာနေရာမှ ကျောက်တုံးများ အဆက်မပြတ်ပြိုကျလာသဖြင့် လွတ်ရာသို့ ရွှေ့ ပြောင်းနေထိုင်ကြရန် ဇူလိုင် ၈ ရက် ညတွင် အုပ်စုအုပ်ချုပ်ရေးမှူးက စာထုတ်ပြန်ကြောင်း သတင်းရရှိသည် ။

“ကျွန်တော်တို့သွားတော့ ကျောက်တုံးတွေက ဆက်တိုက်လိုလို ပြုတ်ကျနေတာ။ ဟိုးအပေါ်က ပေါင်မုန့်တုံးကြီး ပြုတ်ကျလာမှာ စိုးတာ။ အဲဒီတော့ သူကြီးသွားပြောပြတော့ သူလာကြည့်တယ်။ နောက်ညဘက်ကျတော့ စာထုတ်ပေးလိုက်တာပဲ” ဟု လိုခါးလိုကျေးရွာနေ စောဒါးက ပြောကြားသည်။

အမှတ်(၃) ခဲကျင်းအောက်ရှိ လိုခါးလို ဈေးတန်းနှင့် ခဲကျင်းအ၀တွင်နေထိုင်သူများအား သတိဝီရိယနှင့်နေထိုင်ရန်၊ လိုအပ်ပါက လက်ရှိနေထိုင်ရာများမှ ဘေးလွတ်ရာသို့ ရွှေ့ ပြောင်းနေထိုင်ကြရန် အသိပေးနှိုးဆော်ကြောင်း အုပ်စုအုပ်ချုပ်ရေးမှူး စောအောကော်ထူးက လက်မှတ်ရေးထိုးထုတ်ပြန်ထားသည်ဟု သိရသည် ။

ထိုနေရာအနီးအနား ညလယ်ပိုင်းများတွင် မိုင်းခွဲသဖြင့် အိမ်များတုန်ခါသည်ကို ဒေသခံများက ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ အစည်းအဝေးများတွင် တင်ပြထားသည်မှာ နှစ်နှစ်ခန့်ရှိပြီးဖြစ်ကြောင်း ဒေါကလူ အမျိုးသမီးအဖွဲ့ထံမှ သိရသည်။

ကယားပြည်နယ် မော်ချီးသတ္တုတွင်းဒေသရှိ တရားမ၀င် ခဲသတ္တုတူးဖော်နေခြင်းများအား သက်ဆိုင်ရာများက သွားရောက်စစ်ဆေး၍ ဧပြီ ၁၀ ရက်တွင် ပိတ်သိမ်းခိုင်းပြီး ပညာပေးခြင်းများပြုလုပ်ခဲ့ကြောင်း Kayah Earthrighta Action Network (KEAN)  မှ စောအယ်ထီးကောထံမှ သိရသည်။

တရားမ၀င်တူးဖော်နေသည့် ကျင်းများမှာ ဘုရားတောင်သွားရာလမ်း၊ လိုခါးလိုကွက်သစ်  ၁၃ ကုန်းရှိ ပေါင်မုန့်ကျောက်တုံး အောက်ခြေများတွင် တွေ့ရှိရပြီး ခဲတူးသူအများစုမှာ ပြည်မမှလာရောက်ပြီး နေထိုင်တူးဖော်နေသူများဖြစ်သည်ကို တွေ့ရှိရကြောင်း သိရသည် ။

ထိုတရားမ၀င်ကျင်းများ တူးဖော်ရာတွင် အုပ်ချုပ်ရေးပိုင်းမှလူများအား ငွေပေး၍ တူးနေခြင်းဖြစ်သဖြင့် ပြည်မမှလာရောက် တူးဖော်နေသူများမှာ ၎င်းတို့မှာ တရားမ၀င် ဖြစ်သည်ကိုမသိရှိရကြောင်း သွားရောက်စစ်ဆေးသည့်အဖွဲ့များကို ပြန်လည်ပြောကြားသည်ဟု သိရသည်။

ရုရှားရိပ်သာဟောင်း ၀ဲယာဘက်တွင် မြေသားများ ခြောက်လက်မခန့် နိမ့်ဆင်းနေသော သတင်းအရ သြဂုတ် ၃၀ ရက်တွင် တာဝန်ရှိသူများ စုပေါင်းသွားရောက်စစ်ဆေးပြီး တားမြစ်ချက်အား ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ သြဂုတ် ၃၁ ရက်မှစတင်၍ အိမ်ထောင်စု သုံးစုအား ရွှေ့ပြောင်းခိုင်းထားပြီး လူများဖြတ်သန်းခြင်းမပြုရန် တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။

တရားမ၀င် ခဲတူးဖော်မှုများရှိသည့် နေရာများတွင် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၁ ရက်က မိုးအဆက်မပြတ်ရွာသွန်းကာ မြေပြိုမှုများဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများဖြစ်ပေါ်ခဲ့၍ အရေးပေါ်ကယ်ဆယ်ရေးများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။

မခိုင် (လွိုင်ကော်)
Eleven Media Group

0 comments:

Post a Comment