ထိုင်းမြောက်ပိုင်း၊ မယ်ဆိုင်မြို့ ခွန်နမ့်ဒွိုင်နန်းနွန်း လိုဏ်ဂူကြီးတွင်း ပိတ်မိနေတဲ့ မူပါအကယ်ဒမီဘောလုံးအသင်းဝင် ၁၃ ဦးအနက် ၄ ဦးကို မနေ့ညက ဂူအပြင်ကို ဘေးကင်းစွာ ခေါ်ထုတ်နိုင်ခဲ့ပြီး ကျန်ရှိတဲ့ ၉ ဦးကိုလည်း အမြန်ဆုံး ဆက်လက် ကယ်ထုတ်မယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေက ကျန်တဲ့ကလေးတွေကို အမြန်ဆုံး ကယ်ထုတ်သွားမှာ ဖြစ်ပေမယ့် သတင်းမီဒီယာတွေအနေနဲ့ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်လောက်ကြာမလဲဆိုတာ မမေးမြန်းဖို့၊ ဖိအားမပေးဖို့၊ သူတို့အနေနဲ့ကတော့ ကလေးတွေကို အန္တရာယ်အကင်းဆုံးနဲ့ အမြန်ဆုံးကယ်ထုတ်ဖို့ ကြိုးစားနေကြောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဒီကနေ့မနက် ၁၀ နာရီက သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ဖြေကြားခဲ့ပါတယ်။
ဂူထဲပိတ်မိကလေးတွေ ကယ်ထုတ်ရေး အစီအစဉ်မှာ ဝန်ကြီးတွေ၊ ခရိုင်ဝန်နဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာ ကူညီကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့တွေက နေ့ရောညပါ ၂၄ နာရီ မရပ်မနား သူ့တာဝန်နဲ့သူ အလှည့်ကျ ဆောင်ရွက်နေကြောင်း၊ သူ့အနေနဲ့ လိုအပ်တာ ထောက်ပံ့ပေးတာကလွဲလို့ ဘာမှ ညွှန်ကြားမှုမပေးလိုကြောင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းမှာ နည်းပညာတွေရော၊ နိုင်ငံခြားသား ကယ်ဆယ်ရေးအဖွဲ့တွေပါ ပါတဲ့အတွက် အတူတကွ ဆုံးဖြတ်ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
သတင်းထောက်တယောက်က လွတ်လာတဲ့ ကလေး ၄ ယောက် ကျန်းမာရေး အခြေအနေ မေးမြန်းရာမှာ “ဒါမျိုးမေးခွန်း လာမမေးနဲ့၊ မေးတာ အသုံးမကျဘူး” လို့ ပြန်ပြောခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟာ အဲဒီနေရာကနေ ဖူးခက်လှေမှောက်ရာမှာ သေဆုံး၊ ပျောက်ဆုံးသူ ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ကြည့်ရှု အားပေးမှာဖြစ်ပြီး အဲဒီကအပြန် ညနေပိုင်းမှာတော့ မယ်ဆိုင်ရှိ ဒွိုင်နန်းနွန်းဂူကြီးဆီ ပြန်လာပြီး ကျန်ရှိ ကလေး ၉ ယောက် ကယ်ဆယ်ရေးလုပ်ငန်းတွေ ကြည့်ရှုမယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
မနေ့ညက ကလေး ၄ ယောက် ကယ်ထုတ်အပြီး ဂူထဲမှာ အောက်ဆီဂျင်ဘူး ကုန်သွားတဲ့အတွက် ကျန်တဲ့ ၉ ဦးကို မခေါ်ထုတ်နိုင်သေးဘဲ ကယ်ဆယ်ရေး လုပ်ငန်းတွေ ခေတ္တရပ်ထားခဲ့ပါတယ်။
ရာသီဥတုနဲ့ ဂူထဲက ရေကျတာ အခြေအနေပေးရင် နာရီ ၂၀ အတွင်း ကလေးတွေအကုန် ခေါ်ထုတ်မယ်လို့ ကယ်ဆယ်ရေးလုပ်ငန်း ဥက္ကဋ္ဌက သတင်းထောက်တွေကို ပြောထားပါတယ်။
ဒီနေ့မနက်မှာတော့ အရေးပေါ် လူနာတင်ကား ၉ စီး ဂူအနီးမှာ အသင့်အနေအထားနဲ့ စောင့်ဆိုင်းနေပါတယ်။
မနေ့ညက ရေငုပ်သမားတွေဟာ အကျန်းမာဆုံးနဲ့ စိတ်ဓာတ်အကြံ့ခိုင်ဆုံး ကလေးတွေကို လိုဏ်ဂူထဲကနေ အရင်ခေါ်ထုတ်ခဲ့ပြီး ရဟတ်ယာဉ်တွေ လူနာတင်ယာဉ်တွေနဲ့ ချင်းရိုင်ဆေးရုံကို ပို့ဆောင်ခဲ့တာပါ။
ကလေးတွေရဲ့ ကိုယ်စိတ်နှစ်ပါး ကျန်းမာကြံ့ခိုင်မှုကို သူတို့နားရှိနေတဲ့ ရေတပ်ဆရာဝန်က အနီးကပ်စစ်ဆေးနေပြီး အကြံ့ခိုင်ဆုံးသူကို ရွေးထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။
ကလေးတဦးကို ရေငုပ်သမား ၂ ဦးစီနဲ့ အောက်စီဂျင်ဘူး လိုက်ထိန်းပေးသူ ၁ ဦးကျ လိုက်ပါလာပြီး ကလေးတွေကတော့ မျက်နှာဖုံးစွပ်၊ ဘွတ်ဖိနပ်တွေ စီးနင်းလျက် လိုက်ပါလာခဲ့တာလို့ သည်နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။
မနေ့က ဂူထဲ ရေကျနေပြီး အရင်က ရေတွေအိုင်နေတဲ့ ကန် ၃ ကန်ရှိရာမှာ တနေရာသာ ရေငုပ်ရကြောင်း၊ ကလေးတွေရှိတဲ့ ကမူနဲ့ ဂူပေါက်ဝဟာ ၄ ကီလိုမီတာကျော် ကွာဝေးပြီး တချို့နေရာ ရေကျသွားလို့ ရေထဲမှာ ၂ ကီလိုသာ ကူးခတ်ရကြောင်း၊ နဂိုခန့်မှန်းထားတဲ့ အချိန်ထက်လည်း ၃ နာရီကျော်စောပြီး အပြင်ထုတ်နိုင်ခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ရဲ့ အပြောကို ကိုးကားပြီး သည်နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။
လက်ရှိ ချင်းရိုင် ပရချားနုခေါ့ဆေးရုံရောက် ကလေး ၄ ဦးမှာ စိုးရိမ်ရတဲ့ အခြေအနေ မရှိပေမယ့် သူတို့ကို အနည်းဆုံး ၇ ရက်ကြာ ရောဂါပိုး စစ်ဆေးရှာဖွေရေး လုပ်ဦးမယ်လို့ ဆေးရုံတာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။
သတင်းမီဒီယာတွေကို ဂူကြီးနဲ့ ၂ ကီလိုမီတာခန့်အကွာ ပုန်ဖာရပ်ကွက်အုပ်ချုပ်ရေးရုံးမှာ နေရာချထားပေးတဲ့အတွက် ဂူနားက အခြေအနေနဲ့ ပတ်သက်လို့ ဘယ်သူမှ သတင်းမထုတ်နိုင်ဘဲ သက်ဆိုင်ရာက ထုတ်ပြန်ကြေညာမှုကိုပဲ စောင့်ဆိုင်းနေကြပါတယ်။
DVB

No comments:
Post a Comment