မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ကာ လှိုင်းဘွဲမြို့နယ် ကော့လုံကျွန်းရှိကျေးရွာ ၁၄ ရွာမှ စာသင်ကျောင်းများအားလုံး ရေမြုပ်သွားပြီး အိမ်ထောင်စု ၁၈၀၀ ကျော်မှာ နေအိမ်များ ရေမြုပ်နေဆဲဖြစ်ကာ စားဝတ်နေရေး အခက်အခဲဖြစ်ကာ လာရောက် လှူဒါန်းသူများကိုသာ မှိခိုနေရသည့် အခြေအနေ ရှိနေကြောင်း ကျေးရွာသားများက ပြောကြားသည်။
ကော့လုံကျွန်းတွင် အထက်တန်းကျောင်းတစ်ကျောင်း၊ အလကခွဲနှစ်ကျောင်း၊ မူလွန်တစ်ကျောင်း မူလတန်းကိုးကျောင်းရှိပြီး ကျောင်းအားလုံး ရေနစ်မြုပ်ကာ ပျက်စီးမှု အများအပြားရှိကြောင်း ဆရာမများက ဆိုသည်။
“ရေစတက်တာကတော့ ဇူလိုင်၂၅ ရက်ကပါ။ ကျောင်းအားလုံး နစ်မြုပ်သွားပါတယ်။ ခုထိ မြုပ်နေဆဲပါ။ ရေကျသွားလို့ ကျောင်းပြန်တက်ဖြစ်ရင်တော့ စာသင်ရက်အစားထိုးပြီး သင်ပေးသွားပါမယ်။ ခုတော့ မိုးဆက်ရွာနေတော့ တော်ရုံနဲ့ ကျောင်းတက်နိုင်မှာ မဟုတ်ပါဘူး” ဟု အ မ က (၁) ကျွန်းမီးကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်စန်းရီအေးက ဆိုသည်။
ကော့လုံကျွန်း တစ်ကျွန်းလုံးတွင်ရှိ ကျေးရွာများမှ ပြည်သူများအား ကော့လုံဘုန်းတော်ကြီးကျောင်းတွင် ကယ်ဆယ်ရေးစခန်းဖွင့်ထားကာ လာရောက်လှူဒါန်းသော စားသောက်ဖွယ်ရာများအား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက ချက်ပြုတ် ကျွေးမွေးလျက်ရှိကြောင်း သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ကာ လှိုင်းဘွဲမြို့နယ် ကော့လုံကျွန်းရှိ ကျေးရွာ ၁၄ ရွာရှိ စာသင်ကျောင်းများ ရေမြုပ်နေစဉ်
ကော့လုံကျေးရွာနေ ကိုစိုးသူက “တစ်ကျွန်းလုံး ရေမြုပ်ထားတော့ ပိုက်ဆံရှိလည်း ၀ယ်စားလို့မရဘူး။ သူများလာလှူမှ စားရသောက်ရတဲ့ဘ၀ပါ။ အရင်နှစ်တွေက ခုလို ရေကြီးတာမျိုး မကြုံဖူးပါဘူး။ အတော်ထိတ်လန့် စိုးရိမ်စရာ ကောင်းပါတယ်။ ခုရေကျနေပေမဲ့ နှစ်ပေခန့်သာ လျော့ပါသေးတယ်။ ရေတက်တာက ခြောက်ပေကျော်ပါတယ်။ တစ်အိမ်နဲ့ တစ်အိမ်သွားလာလို့ မရသေးပါဘူး” ဟု ပြောကြားသည်။
ကော့လုံကျွန်း ကိုမောင်ကျေးရွာအုပ်ချုပ်ရေးမှူး ကိုထင်ကျော်က “ရွာ ၁၄ ရွာမှာ အိမ်ခြေ ၁၈၀၀ ကျော် အားလုံးနစ်မြုပ်သွားပါတယ်။ ခုရေကျတာ အိမ်တိုင်ခြေရင်း တစ်ဝက်သာ ကျပါသေးတယ်” ဟု ဆိုသည်။
လှိုင်းဘွဲမြို့နယ်တစ်ခုလုံးတွင် ကျေးရွာပေါင်း ၈၀ ကျော်ရှိပြီး ကော့လုံကျွန်း ၁၄ ရွာ အပြင် ကစီတန်းကျးရွာအုပ်စု၊ ကော့မြတ်ကြီ၊ ကော့နွဲ့၊ ရွာကိုင်းကောင်း၊ ဒေါ်လန်း၊ တာပေါင်၊ ၀ဲပျံကျေးရစွာအုပ်စုတို့မှာ ယခုထိ ရေကျခြင်းမရှိသေးဘဲ နေထိုင်ရေး၊ စားသောက်ရေး အခက်အခဲများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
ကိုရွှေသိန်း
Eleven Media Group

No comments:
Post a Comment