Wednesday, August 29, 2018

တာချီလိတ် ရွှေဆိုင် သေနတ်ကိုင် အနုကြမ်းစီးသူကို ဖမ်းမိ


တာချီလိတ်မြို့လယ်မှာ ရွှေဆိုင်အနုကြမ်းစီးပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့သူအား သံလွှင်မြစ်ကူးတံတားအနီး တာကော် ၂ မိုင်မှာ သြဂုတ် ၂၉ ရက်နေ့က ဖမ်းဆီးမိခဲ့တယ်လို့ တာချီလိတ်မြို့မရဲစခန်းက ပြောပါတယ်။

ရွှေဆိုင်အနုကြမ်းဝင်စီးတဲ့ သူနဲ့ သြဂုတ်လလယ်အတွင်း ဆိုင်ကယ်ကယ်ရီသမားထံ ကနေ ရိုက်နှက်ပြီး ဆိုင်ကယ် လုသူတဦးတည်း ဖြစ်ကြောင်း သိရတဲ့အတွက် တရားခံနေထိုင်ရာကို လိုက်လံစုံစမ်းရာကနေ ဖမ်းဆီးရမိခဲ့တာလို့ တာချီလိတ်မြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ရဲအုပ်အေးလွင်က ပြောပါတယ်။
“ဆိုင်ကယ်လုခံရတဲ့သူကို သေချာစစ်ဆေးပြီး လိုက်စုံစမ်းတာ ရွှေဆိုင်ဓားပြတိုက်တဲ့သူနဲ့ တယောက်တည်းဖြစ်နေတယ်။ အဲ့ဒီတရားခံက တာကော် ၂ မိုင်မှာနေတာ၊ ငွေလိုလို့ ဓားပြတိုက်တာလို့ပြောတယ်၊ ကျနော်တို့လိုက်စုံစမ်းရင်း သူနေတဲ့နေရာမှာပဲ ဖမ်းမိခဲ့တာပါ။ အခုတော့ တာချီလိတ်မြို့မစခန်းကို ပြန်ခေါ်လာပါပြီ။”
တာချီလိတ်ရွှေဆိုင်ကို သြဂုတ် ၁၈ ရက်နေ့မှာ အနုကြမ်းစီးခဲ့တာဖြစ်ပြီး ရွှေလာဝယ်သူ အမျိုးသမီးရဲ့ လက်မောင်းကိုလည်း သေနတ်ထိမှန်ခဲ့ပြီး ဒဏ်ရာရရှိခဲ့ပါတယ်။ အနုကြမ်းစီးသူဟာ တာချီလိတ်မြို့ပေါ်မှာ နေထိုင်သူမဟုတ်ဘဲ ရံဖန်ရံခါ တာချီလိတ်ကို လာရောက်တတ်သူဖြစ်ကြောင်း သိရပါတယ်။
ရွှေဆိုင်အနုကြမ်းစီးခဲ့သူကိုတော့ တာချီလိတ်မြို့မရဲစခန်းမှာ သေနတ်ပစ်ခတ်မှု၊ ဆိုင်ကယ်လုယက်မှု၊ ရွှေဆိုင်အနုကြမ်းစီးမှုတွေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ တာချီလိတ်မြို့မရဲစခန်းက သိရပါတယ်။
မြို့ပေါ် အနုကြမ်းစီးမှုဖြစ်ပြီးတဲ့နောက်ပိုင်း လုံခြုံရေးအင်အားတိုးမြှင့်ထားပြီး ညစဉ်ပိတ်ဆို့ရှာဖွေတာတွေ ဆက်တိုက်ပြုလုပ်ပါတယ်။ ထိုင်းကနေ တရားမ၀င် ၀င်ရောက်လာတဲ့ ထိုင်းနိုင်ငံသားတွေအပြင် နေထိုင်ခွင့်သက်တမ်းကျော်လွန်နေသူတွေလည်း ဖမ်ဆီးရမိပြီး ထိုင်းနိုင်ငံ ပြန်ပို့ခဲ့တယ်လို့လည်း သိရပါတယ်။

သတင်းနှင့်ဓာတ်ပုံ – ကိုဇက်
DVB

No comments:

Post a Comment