Wednesday, August 22, 2018

ကမမောင်းမြို့၌ သံလွင်မြစ်ရေမြင့်တက်မှုကြောင့် အနိမ့်ပိုင်း ရပ်ကွက်အချို့ ရေဝင်ရောက်


ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ သြဂုတ်လအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် အနိမ့် ပိုင်း ရပ်ကွက်၊ ကျေးရွာအချို့တွင် ဒုတိယအကြိမ်ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ကမမောင်းမြို့ရှိ ရပ်ကွက်၊ ကျေးရွာအားလုံးနီးပါးသို့ ရေဝင်ရောက်လျက်ရှိကြောင်း၊ ကမမောင်းမြို့၊ မိတ္ထီလာကျေးရွာရှိ ကားလမ်းမပေါ်တွင် ရေအမြင့်ပေ(၄)ပေကျော်ခန့် မြင့်တက်လျက်ရှိကြောင်း၊ ရေပြင်အကျယ်မှာပေ(၅ဝဝ)ပေအထိ ကျယ်ပြန့်လျက်ရှိ၍ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ ယာယီဖြတ်သန်းသွားလာခွင့် မပြုတော့ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားသည်။
သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ကမမောင်းမြို့၌ ရေဘေးရှောင် စခန်း(၂)ခု ဖွင့်လှစ်ထားလျက်ရှိပြီး အဆိုပါရပ်ကွက်၊ကျေးရွာများရှိ ရေဘေးရှောင် စုစုပေါင်းအိမ်ထောင်စု(၁၅၃)စု လူဦးရေ(၆၃ဝ)ဦးတို့မှ သက်ဆိုင်ရာ ရေဘေး ရှောင်စခန်း အသီးသီးတွင် ပြောင်းရွှေ့နေထိုင် လျက်ရှိကြောင်း၊ ယခုအခါ ဒုတိအကြိမ်သံလွင်မြစ်ရေ မြင့်တက် လာသောကြောင့် ကျန်ရှိနေသေးသည့် ရပ်ကွက်၊ ကျေးရွာများရှိ အိမ်ထောင်စုများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရေးအတွက် မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်း အဖွဲ့ဝင်များက သွားရောက်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါရေကြီးရေလျှံမှုများကြောင့် ဒေသခံပြည်သူများအနေဖြင့် ကမမောင်းမြို့မှ ဘားအံ၊ ကမမောင်းမြို့မှ ဖာပွန်မြို့သို့ သွားလာရန် ခက်ခဲလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။



The Ladies News

No comments:

Post a Comment