Thursday, August 2, 2018

ကြို့ပင်ကောက်မြို့တွင် စောင်နှစ်ထည်အကြွေးယူရာမှ တရားမမှုဖြင့် တရားစွဲဆိုခံရပြီး နေအိမ်မှဆင်းပေးရမည့် မြေးအဘွားအတွက် အမှန်တရားဖော်ထုတ်ပေးရေး ဒေသခံ ၂၀၀ နီးပါး ဆန္ဒထုတ်ဖော်


စောင်နှစ်ထည်ယူရာက တရားမမှုဖြင့် တရားစွဲဆိုခံရပြီး အိမ်ပေါ်မှဆင်းပေးရမည့် မြေးအဘွားများအတွက်ဟုဆိုကာ အမှန်တရား ဖော်ထုတ်ရေး ဒေသခံ ၂၀၀ နီးပါး ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

ယင်းဆန္ဒထုတ်ဖော်မှုကို သြဂုတ် ၁ ရက် နံနက်ပိုင်းက ကြို့ပင်ကောက်မြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုအတွက် အမှန်တရားဖော်ထုတ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ငွေများတရားနိုင်မှုများ ပပျောက်ရေး၊ အသက် (၇၁ နှစ်) ကျော် အဘွားကြီးအား စာရွက်ဖြူပေါ် လက်ဗွေနှိပ်ခိုင်းပြီး တရားစွဲမှု အမှန်တရား ဖော်ထုတ်ရေး၊ မတရားမှုပေါ် ကြို့ပင်ကောက်မြို့နယ်တရားရုံးမှ အမှန်တရားပေါ်ပေါက်အောင် ပြန်လည်စစ်ဆေးပေးရေး၊ ငွေ ၂၀၀၀၀ ချေးယူရာမှ အိမ်နှင့်ခြံသိမ်းယူမှု မတရားမှုအား ပြန်လည်ဖော်ထုတ်ပေးရေး စာသားပါ ဗီနိုင်းပိုစတာများကို ကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“ဒီအမေကြီးရဲ့သမီးဖြစ်သူက စောင်နှစ်ထည်၊ ငွေ ၂၀၀၀၀ ချေးရာကစပြီး မနက်ဖြန်ဆိုရင် အိမ်နဲ့ခြံကို သိမ်းယူတော့မယ့် အခြေအနေအထိဖြစ်ခဲ့တယ်။ အဲဒါကြောင့် ဒါကို ဆန္ဒဖော်ထုတ်တာဖြစ်တယ်။ ပြည်သူတွေ အနေနဲ့ ဒီငွေ ၂၀၀၀၀ ချေးရာက အိမ်နဲ့ခြံ သိမ်းယူတဲ့အထိ ဖြစ်သွားတာက မတရားမှုလို့ ထင်တယ်။ ဆုံးဖြတ်တယ်။ အဲဒါကြောင့် ဒါကို အမှန်တရားကို ပြန်လည်ဖော်ထုတ်ပေးစေချင်လို့ ဆန္ဒပြတာဖြစ်ပါတယ်” ဟု အဆိုပါ ရပ်ကွက်အတွင်းမှ မယုယုထိုက်က ပြောကြားသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုအား ကြို့ပင်ကောက်မြို့ သဲကုန်းရပ်ကွက် အောင်ချမ်းသာလမ်း၊ အောင်သုခ၊ ၀ိပဿနာလမ်းမကြီးအတိုင်း အရှေ့မြို့ပတ်လမ်း၊ အရှေ့လမ်းမတော်၊ ရန်ကုန်-ပြည်၊ မင်းရဲကျော်စွာလမ်း၊ တရားရုံးရှေ့တို့တွင် ကြွေးကြော် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

“အမေ့ကို ဆွဲချမယ်တဲ့။ အမေ့ကို ကယ်ကြပါ။ အမေစုနဲ့ ဥက္ကဋ္ဌဆိုတဲ့သူတွေ ပြောပေးကြပါ။ အမေ့ဒုက္ခကို ကယ်ကြပါ။ အမေလည်း မောနေပါပြီ။ အဲလောက်ပါပဲ” ဟု နေအိမ်မှဆင်းပေးရမည့် အသက် ၇၀ ကျော် အဘွားအို ဒေါ်အမာကြည်က ပြောကြားသည်။

ယင်းမိသားစုတွင် အသက် ၇၀ ကျော် အဘွားအို ဒေါ်အမာကြည်၊ သမီး ဒေါ်တရုတ်မနှင့် မြေးဖြစ်သူ ကလေးသုံးယောက်ရှိပြီး သမီးဖြစ်သူက ဒေါ်အိအိခိုင်ထံမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာတွင် စောင်နှစ်ထည်ကို ကျပ် ၂၀၀၀၀ ဖြင့် အကြွေးယူခဲ့ရာမှ မပေးနိုင်သဖြင့် တစ်နှစ် အတိုးအရင်းပေါင်းပြီး ငါးသိန်းပြည့်သွားသဖြင့် နေအိမ်အား အရောင်းအ၀ယ်သဘောဖြင့် ရယူခဲ့ပြီး တရားမမှုဖြင့် ဒေါ်အိအိခိုင်က တရားစွဲဆိုခဲ့ခြင်းကြောင့် သမီးဖြစ်သူ ဒေါ်တရုတ်မ ဆုံးပါးသွားသဖြင့် အဘွားအိုက ဆက်လက် တရားရင်ဆိုင်ရာက ၂၀၁၃ ခုနှစ်တွင် ရှုံးနိမ့်ခဲ့ပြီး နေအိမ်ပေါ်မှ ဆင်းပေးရမည့် အခြေအနေတွင် မြို့ခံပရဟိတအဖွဲ့များက ငွေငါးသိန်း စိုက်ထုတ်ပေး၍ ညှိနှိုင်းခဲ့သော်လည်း တရားနိုင်ဘက်က ငွေ ၁၀ သိန်းဖြင့် ပြောဆိုခဲ့ပြီးနောက်ပိုင်းတွင် အဘွားအို မိသားစုမှာ နေအိမ်မှဆင်းပေးရမည့် အခြေအနေတွင် ရှိနေကြောင်း မြို့ခံများထံမှ သိရသည်။

“ဥပဒေကြောင်းအရ ညီညွတ်မှုရှိသလားဆိုတော့ သူက စာချုပ်ပေါ်မှာ အခြေခံပြီးဆွဲတာ။ စာချုပ်မှာက ဒေါ်အမာကြည်လည်း လက်မှတ်ရေးထိုးထားတယ်။ သူ့သမီးလည်း လက်မှတ်ထိုးထားတယ်။ အဲဒီအပေါ်မှာ စွဲတာဖြစ်တယ်။ တကယ်လို့ အဲဒီအချိန်က သူတို့ဘက်က ဥပဒေနဲ့အညီ တင်ပြမယ်ဆိုရင်တော့ တရားရုံးက စဉ်းစားပေးမှာပေါ့။ အဲဒီလိုလည်း သူ့ဘက်က တင်ပြခဲ့တာမရှိဘူး။ စာရွက်ဖြူပေါ်မှာ လက်မှတ်ထိုးတယ်ဆိုပေမဲ့ နှုတ်သက်သေခံချက်အရ ပြောတာပေါ့။ တရားရုံးကျတော့ တရားရုံးကိုရောက်တဲ့ သက်သေနဲ့ ဆုံးဖြတ်တဲ့အခါကျတော့ အရောင်းအ၀ယ် စာချုပ်ပေါ်မှာပဲ လက်မှတ်ထိုးထားတယ်လို့ တွေ့ရတယ်။ အဲဒီအပေါ်မှာပဲ ဆုံးဖြတ်ရတဲ့ ကိစ္စဖြစ်တာပေါ့” ဟု ကြို့ပင်ကောက်မြို့နယ် တရားသူကြီး ဦးနိုင်ဝင်းစိုးက ပြောကြားသည်။

အဆိုပါ နေအိမ်နှင့်ခြံအား ၂၀၁၂ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် ငွေကျပ်ငါးသိန်းဖြင့် ရာအိမ်မှူးအိမ်တွင် စာချုပ်ချုပ်ဆိုဝယ်ယူခဲ့ပြီး ဒေါ်အမာကြည်က လက်မှတ်ရေးထိုးကာ သမီးဖြစ်သူ ဒေါ်တရုတ်မက သက်သေလက်မှတ်ထိုးခဲ့ကြောင်း မိုးတွင်းကာလဖြစ်၍ မပြောင်းခိုင်းခဲ့ဘဲ ၂၀၁၃ ခုနှစ် မတ်တွင် ပြောင်းရွှေ့ခိုင်းခဲ့ရာ မပြောင်းခြင်းကြောင့် ငွေအကျေပေးရန်တောင်းခဲ့ပြီး မပေးခဲ့၍ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ထပ်မံ၍ ငွေမပေးသဖြင့် ဇာရီမှုဖြင့် နေအိမ်နှင့်ခြံကို ရယူခဲ့ခြင်းဖြစ်ကြောင်း စောင်ယူခြင်းဆိုသည်မှာ မဟုတ်ကြောင်း ငွေတိုးလည်း မပေးကြောင်း တရားလို ဒေါ်အိအိခိုင်က ပြောကြားသည်။

ယင်းအမှုတွင် ဒေါ်အိအိခိုင်က တရားမမှုဖြင့် တရားစွဲဆိုခဲ့ပြီး အမှုအမှတ် ၃၄/၂၀၁၃ ဖြင့် ယခင်ကြို့ပင်ကောက် မြို့နယ်ဒုတရားသူကြီး ဦးနိုင်နိုင်က ၂၀၁၃ ခုနှစ်တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝေလင်း (ပြည်)
Eleven Media Group

0 comments:

Post a Comment