ယနေ့ သြဂုတ် ၂၉ ရက် နံနက်အစောပိုင်းတွင် ပဲခူတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်ရှိ ဆွာဆည်မှ ရေမြောင်းလက်တံ ပြိုကျခြင်းကြောင့် ဆည်ရေများ တစ်ဟုန်ထိုး စီးဆင်းမှုဖြစ်ပွား၍ ဆွာမြို့ တောင်ဘက်အထွက် ဆွာတိုးဂိတ်အနီးတွင် ယာဉ်တစ်စီး ရေထဲမျောပါမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဆွာဆည်မှ ရေမြောင်းလက်တံ ပြိုကျခြင်းကြောင့် သြဂုတ် ၂၉ ရက် နံနက်ပိုင်းတွင် အမြန်လမ်းမကြီးပေါ် ဆွာဆည်ရေကျော်လွန်ခြင်း၊ ၁၆၅ မိုင်အနီး အမြန်လမ်းမကြီးတံတား အနည်းငယ် နိမ့်ဆင်းနေခြင်း တို့ကြောင့် မော်တော်ယာဉ်များအား သွားလာခွင့် မပြုသေးဘဲ လမ်းပိတ်ထားခြင်း၊ တံတားကြံ့ခိုင်မှုများအား စစ်ဆေးဆောင်ရွက်ခြင်းတို့ ပြုလုပ်နေရကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဆည်ရေများ တစ်ဟုန်ထိုး စီးဆင်းကာ ရေကြီးရေလျှံခြင်းကြောင့် ရန်ကုန်-မန္တလေး လမ်းမကြီးဟောင်းနှင့် အမြန်လမ်းမကြီးများတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားလျက်ရှိနေပြီး ဆွာချောင်း အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံများမှာ ရေဘေးလွတ်ရာများသို့ အရေးပေါ် ရွှေ့ပြောင်းနေရကာ တောင်ငူခရိုင်မှ ဆည်မြောင်းတာဝန်ရှိသူများ၊ အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် ပရဟိတ အသင်းအဖွဲ့များမှ ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေရကြောင်း သိရသည်။
ဇော်ဝင်းချစ် (တောင်ငူ)
Eleven Media Group


No comments:
Post a Comment