Wednesday, August 29, 2018

တက္ကသိုလ်အလိုက် သတ်မှတ်ခွဲခြားခြင်းမရှိဘဲ ရရှိသည့်ဘွဲ့ကိုသာ အသိအမှတ်ပြု၍ အလုပ်အကိုင် ခေါ်ယူခြင်းဖြစ်ဟု ဆို


အစိုးရဌာန အသီးသီးအတွက် ပြည်ထောင်စုရာထူးဝန်မှ ခေါ်ယူသော ရာထူးနေရာများအတွက် ၂၀၁၈ခုနှစ် ဇန်န၀ါရီလအထိ ရန်ကုန်နည်းပညာ တက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်စသည်ဖြင့် တက္ကသိုလ်အလိုက် သတ်မှတ်ခွဲခြားခြင်းမရှိဘဲ ရရှိသည့်ဘွဲ့ကိုသာ အသိအမှတ်ပြု၍ အလုပ်အကိုင် ခေါ်ယူခြင်းရှိကြောင်း ပညာရေး ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက သြဂုတ် ၂၉ ရက်တွင်ပြောကြားသည်။
ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မင်းလှ မဲဆန္ဒနယ်မှ ဒေါက်တာဦးသန်းအောင်စိုး က အင်ဂျင်နီယာ COE(Center of Excellent) တက္ကသိုလ်များမှ အင်ဂျင်နီယာဘွဲ့ရရှိသူများ၏ အလုပ်အကိုင်အခွင့်အလမ်း စီစဉ်ထားရှိမှုနှင့် အခြားနည်းပညာ တက္ကသိုလ် များမှ ရရှိသောဘွဲ့သည် မည်သို့ ကွာခြားမှုရှိသည်ကို သိလိုကြောင်းမေးမြန်းမှုအား ပြန်လည်ဖြေကြားရာတွင်ယင်းသို့ ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
 
ဘွဲ့ရ ကျောင်းသူ ကျောင်းသားများ အလုပ်အကိုင်ရရှိရေးအတွက် ၂၀၁၇-၁၈ ပညာသင်နှစ်မှစ၍ ဘွဲ့ကြိုအင်ဂျင်နီယာ နောက်ဆုံးနှစ်သင်တန်းများအား Internship Training ဖြင့် ဘာသာရပ် ဆက်စပ်မှု ရှိသည့် အစိုးရဝန်ကြီး ဌာနရှိ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်း၊ ဌာနများ၊ ပြည်တွင်းပြည်ပစက်ရုံ၊ အလုပ်ရုံများ၌ Internship ကာလ ရှစ်ပတ်အား လက်တွေ့ဆောင်ရွက်စေပြီး လုပ်ငန်းခွင်အတွေ့အကြုံများရရှိစေရန် ဘွဲ့ကြိုသင်တန်း မပြီးဆုံး မီကပင် Industry များနှင့် ချိတ်ဆက်ပေးပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာစေ ရန် ဆောင်ရွက်ပေးလျက်ရှိသည်။
 
အလုပ်အကိုင်ရရှိမှု(Employmenty)၊ တက္ကသိုလ်တိုင်း အတွက် အရည်အသွေးသတ်မှတ်မှုမှာ အရေးပါသော အချက်ဖြစ်ပါကြောင်း။ ကျောင်းသားကျောင်းသူများ ဘွဲ့ရရှိပြီးနောက် အလုပ်အကိုင် အခွင့်‌ အလမ်းများကို စစ်တမ်းကောက်ယူရာတွင် ဖွံ့ဖြိုးပြီးနိုင်ငံများ၌ပင် ဘွဲ့ရရှိပြီးနောက် ငါးနှစ်လျှင် တစ်ကြိမ် တက္ကသိုလ်အသီးသီးနှင့် တက္ကသိုလ် ကျောင်းသားဟောင်းများမှ လုပ်ငန်းရှင်အစိုးရအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင် ရွက်ကြကြောင်း၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်း ပညာတက္ကသိုလ်၊ အခြား နည်းပညာတက္ကသိုလ်များ အလုပ်အကိုင်ရရှိမှုကွားခြားချက်ရှိ/မရှိ လေ့လာဆန်းစစ်နိုင် ရန်အတွက် အချိန် လိုအပ်သည်။
 
သို့ဖြစ်ပါ၍ တက္ကသိုလ်တည်နေရာ၊ Industry များ၏ ပံ့ပိုးကူညီမှု၊ တက္ကသိုလ်နှင့် ကျောင်းသား ကျောင်းသူများ၏ စွမ်းဆောင်မှု၊ အလုပ်အကိုင်ရရှိရေးအတွက် ချိတ်ဆက်မှု ကွာခြားနိုင်မှုရှိသည့်အပြင် ကျောင်းသားကျောင်းသူတို့၏ တက္ကသိုလ်များမှ သင်ကြားပေးလိုက်သော အခြေခံများကို အသုံးချနိုင်မှု အပေါ်မူတည်ပြီး ကွာဟမှုရှိနိုင်ကြောင်း ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဆက်လက်ပြောကြားခဲ့သည်။
 
The Ladies News

No comments:

Post a Comment