ရခိုင်ပြည်နယ် ကုန်သွယ်ရေးတိုးတက်မြန်ဆန်လာဖို့ တန်ချိန် ၂၀,၀၀၀ ရှိ သင်္ဘောတွေ ဆိုက်ကပ်နိုင်မယ့် ဆိပ်ကမ်းအသစ်တွေကို ရင်းနှီးမြှုပ်နှံခွင့်ပြုပါလို့ ကုန်သည်စက်မှု အသင်းချုပ်က တောင်းဆိုလိုက်ပါတယ်။
သြဂုတ် ၂၄ ရက်က ကုန်သည်အသင်းချုပ်ရုံးမှာ လုပ်ခဲ့တဲ့ ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင်တဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနဲ့ ပုဂ္ဂလိကကဏ္ဍ လုပ်ငန်းရှင်တွေရဲ့ လစဉ်ပုံမှန် အစည်းအဝေးမှာ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက စစ်တွေမြို့မှာ အစိုးရပိုင်ဆိပ်ကမ်းတွေအနေနဲ့ ဖောင်တော်ကြီးဆိပ်ကမ်းနဲ့ ရွှေမင်းဂံဆိပ်ကမ်း ၂ ခုသာရှိပြီး အဲ့ဒီဆိပ်ကမ်းတွေမှာ သင်္ဘော ၁ စီးတည်းပဲ ဆိုက်ကပ်နိုင်တယ်။ တန် ၁၀၀၀ ဆံ့တဲ့ ကုန်အတင်တခုတည်း ပြုလုပ်ရင်ပဲ ၁၀ ရက်လောက် အချိန် ကြာမြှင့်တယ်။ စစ်တွေမြို့မှာ ကမ်းရိုးတန်းသွားသင်္ဘောများ တလကို ၁၅ စီးခန့် အ၀င်ရှိပြီး ကုန်သင်္ဘောများအတွက် ဆိပ်ကမ်းအရေအတွက် နည်းပါးတာကြောင့် ရေလယ်မှာ မော်တော်တွေ အသုံးပြုပြီး ကုန်တင်ကုန်ချလုပ်နေရလို့ ကုန်ပစ္စည်းစီးဆင်းမှုနှောင့်နှေးတယ်၊ ကုန်ကျစရိတ်တွေလည်း မြင့်တက်နေတယ်လို့ ဒုတိယသမ္မတထံ တင်ပြပါတယ်။
ဒါ့အပြင် လက်ရှိဆိပ်ကမ်းတွေမှာ ဖောင်တွေ ကြံ့ခိုင်မှုနည်းပါးနေလို့ တံတားပေါ်ကို ကုန်ပစ္စည်းတင်ဆောင်တဲ့ ကားတွေတက်ခွင့်မရရှိဘဲ ခေါက်တိုကားလေးတွေနဲ့ပဲ တဆင့် ပြောင်းပြီး သယ်နေရလို့ ကုန်ကျစရိတ် အပိုကုန်ကျပြီး ကုန်ပစ္စည်းတန်ဖိုး မြှင့်တက်နေတယ် လို့လည်း တင်ပြခဲ့ပါတယ်။
ဒါ့ကြောင့် ရခိုင်ပြည်နယ်ရဲ့ ကုန်သွယ်ရေး တိုးတက်မြန်ဆန်လာဖို့ တန်ချိန် ၂၀,၀၀၀ ထိ ကပ်နိုင်တဲ့ ဆိပ်ကမ်းအသစ်တွေကို ရင်းနှီးမြှုပ်နှံမယ့်သူရှိရင် ရင်းနှီးမြှုပ်နှံခွင့်ပေးပါလို့ တင်ပြခဲ့ပါတယ်။
DVB

No comments:
Post a Comment