Sunday, September 30, 2018

အစိုးရသစ်လက်ထက်တွင် ကချင်ပြည်နယ် ပူတာအိုဒေသ၌ မူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုမြင့်တက်လာ

ကချင်ပြည်နယ်၌ သီးခြားနေရာတစ်ခုလိုဖြစ်နေသည့် ပူတာအိုဒေသတွင် အစိုးရသစ်လက်ထက်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုမြင့်တက်လာကြောင်း ဒေသခံများ၊ မူးယစ်ဆေးဝါးတားဆီးရေးအဖွဲ့များ၊ အဆိုပါ ဒေသသို့ ကွင်းဆင်းခဲ့သည့် ပညာရှင်များက ပြောကြားသည်။ 
မူးယစ်ဆေးစွဲ သုတေသနအသင်း၏ SARA အဖွဲ့မှ ဒေသညှိနှိုင်းရေးမှူး ဒေါက်တာထွန်းထွန်းဘရန်က “ပူတာအိုဒေသမှာ မူးယစ်ဆေးဝါးပျံ့နှံ့လာတာက အံ့သြစရာကောင်းတယ်။ နှစ်နှစ်ကျော် သုံးနှစ်အတွင်းမှာ ကျယ်ပြန့်လာတာ။ မြို့ရော တောရောပေါ့။ အရင်က ကျွန်တော်နေခဲ့တဲ့ ဒေသပဲ။ လုံးဝမရှိဘူး။ဇာစ်မြစ်ကို စုံစမ်းတော့ တနိုင်းဒေသကို ပယင်းတို့၊ ရွှေတို့ သွားလုပ်ကြတယ်။ မူးယစ်သုံးတတ်လာတယ်။ သုံးတဲ့သူတွေက ပြန်ရောက်လာတယ်။ အဲဒီကနေ ပြန့်ပြီး အခုက ဈေးကွက်တစ်ခုဖြစ်လာတယ်။ ငွေကြေးတတ်နိုင်သူတွေလည်း ပါလာနိုင်တာပေါ့” ဟု ပြောကြားသည်။ 

လူမျိုး၊ ဘာသာပေါင်းစုံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးချန်ဂျောင်ဆားက “ကျွန်တော်တို့ဒေသမှာ မူးယစ်ဆေးဝါး အန္တရာယ်တွေမြင့်နေတာ ဟုတ်ပါတယ်။ ကျွန်တော်တို့အဖွဲ့ လူပေါင်း ၁၀၀ လောက် ဖမ်းရတယ်။ လူပေါင်း ၁၀၀၀ က သတိပေးထားရတယ်။ ကျွန်တော်တို့ဒေသက ငွေရှာရတာ မလွယ်ကူဘူး။ အဲဒီတော့ ဆိုင်ကယ်တို့၊ တခြားဟာတို့ ပျောက်တာတွေ ဖြစ်လာတယ်။အိမ်ထောင်တွေ ကွဲတယ်ပေါ့။ မူးယစ်သုံးတဲ့ သူတွေဦးရေကို ခန့်မှန်းရခက်တယ်။ လူငယ်တွေ ၁၀ ဦးမှာ ငါးဦး၊ ခြောက်ဦးလောက်က သုံးစွဲနေကြတယ်။ ကျွန်တော်တို့အဖွဲ့ကတော့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံပါတယ်။ ငွေမရှိတော့ အလုပ်နားရတာ ခြောက်လလောက် ရှိတယ်။ အခုတော့ များလွန်းလို့ ပြန်ဖမ်းဖို့ အစည်းအဝေးလုပ်ပြီး ပြန်ဖမ်းတော့မယ်။ ဒီမှာ အများသုံးက အဖြူပဲ။ ထိုးပြီး ဆေးလွန် သေတာလည်း များနေပြီ။ အဖွဲ့အစည်းတွေ ကို ငွေကြေးထောက်ပံ့ပြီး တားဆီးနိုင်ရင်တော့ နှစ်နှစ်သုံးနှစ်အတွင်း ပြန်ကျသွားမှာပါ။ လာလမ်းကတော့ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းနှင့် လေကြောင်းလမ်း နှစ်ခုပဲရှိတယ်” ဟု ပြောကြားသည်။ 

ပူတာအိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခန်လင်က မူးယစ်ဆေးဝါးသုံးစွဲမှုများနှင့် ပတ် သက်၍ ယခုနှစ်ပိုင်းအတွင်း မူးယစ်ဆေးဝါး ပိုမိုဆိုးရွားလာသည်ကို ကြားသိနေရကြောင်း၊ ရွာများအထိ ပျံ့နှံ့လာခြင်းဖြစ်ပြီး ဒေသခံများ စိုးရိမ်နေကြောင်း၊ ပညာပေးလုပ်ငန်းများ ပိုမို လုပ်ဆောင်ပေးရန် လိုအပ်နေကြောင်း ပြောကြားသည်။ 

ပူတာအိုခရိုင်တွင် မြို့နယ်ခြောက်မြို့နယ်ရှိပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၉၁၂၅၇ ဦး နေထိုင်ကြောင်းသိရပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ ဖွံ့ဖြိုးမှုအားနည်းခြင်း စသည့်အခြေအနေများကြောင့် မြန်မာနိုင်ငံတွင် တစ်နှစ်အောက် ကလေးသေနှုန်း အမြင့်ဆုံး ခရိုင်တစ်ခုဖြစ်သည်။ 

ထွန်းလင်းအောင် (မြစ်ကြီးနား)
Eleven Media Group 

No comments:

Post a Comment