Tuesday, October 2, 2018

နိုင်ငံတော်ဘဏ္ဍာကို ရန်ကုန်တိုင်းအစိုးရ ထင်သလိုသုံးစွဲဟု ဒေါ်စန္ဒာမင်း ဝေဖန်

ရန်ကုန်မြို့သစ်စီမံကိန်း လုပ်ကိုင်ရန် ဖွဲ့စည်းထားသည့် New Yangon Development ကုမ္ပဏီသည် ဝင်ငွေရရှိ မှုလုံးဝမရှိသေးဘဲ ကျပ်ငွေ ၉၃ သန်း သုံးစွဲထားသည်မှာ နိုင်ငံတော်ဘဏ္ဍာကို ထင်သလို သုံးစွဲထားခြင်းဖြစ်ကြောင်း ဆိပ်ကြီးခနောင်တိုမြို့နယ်၊ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။ 
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စာရင်းစစ်ချုပ်အစီရင်ခံစာနှင့်ပတ်သက်၍ အောက်တိုဘာလ ၂ ရက်၊ နံနက်ပိုင်းက ရန်ကုန်တိုင်းလွှတ်တော်၌ ဆွေးနွေးရာတွင် ဒေါ်စန္ဒာမင်းက အထက်ပါအတိုင်း ဝေဖန်ပြောကြားလိုက်ခြင်းဖြစ်သည်။ 

အဆိုပါဖြစ်စဉ်သည် တိုင်းဒေသကြီးအစိုးရက ပေးအပ်ထားသော အာဏာကိုကျော်လွန် အသုံးပြုခြင်းဖြစ်ပြီး အစုရှယ်ယာရှင်များကို အစိုးရအဖွဲ့ကိုယ်စား အစုရှင်အဖွဲ့ဖြင့် စီမံ/ဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်း၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်ဌေး၊ ဦးမြင့်နိုင်နှင့် စီးပွားရေးလုပ်ငန်းရှင် ဦးဝင်းအောင်တို့ဖြင့် ဖွဲ့စည်းထားသည်။ 

ထိုသို့ ဖွဲ့စည်းရာတွင် စီးပွားရေးလုပ်ငန်းရှင် ဦးဝင်းအောင်ကို ထည့်သွင်းထားသည်မှာ အထူးကုမ္ပဏီ အက်ဥပဒေ ပုဒ်မ ၄ အရ ကုမ္ပဏီအဖွဲ့ဝင်များအဖြစ် နိုင်ငံတော်သမ္မတ အမိန့်ကြေညာစာဖြင့် ခွင့်ပြုမိန့်ရရှိထားခြင်း ရှိ၊ မရှိကိုလည်း မေးခွန်းထုတ်ထားသည်။ 

“ဝန်ကြီးဆိုတဲ့ position နဲ့ ပါလို့ ရပါတယ်၊ ကုမ္ပဏီဒါရိုက်တာစာရင်း list မှာ အမည်နာမနဲ့ ထည့်လို့မရပါဘူး၊ ကျွန်မတို့က ဝန်ကြီးဆိုတဲ့ အမည်နာမနဲ့ ထားပါတော့ ဆက်သွယ်ရေး၊ စီမံကိန်းဝန်ကြီးဆို ဒီသက်တမ်းတစ်ခုပြီးရင် နောက်သက်တမ်းမှာ အသစ်တစ်ယောက်လာမှာ ဖြစ်တဲ့အတွက် ဒီကုမ္ပဏီကြီးတွေကလည်း အများပိုင်ကုမ္ပဏီနဲ့ list လုပ်ထားတဲ့အတွက် နှစ်ပေါင်းများစွာ အများကြီးကြာမှာဖြစ်ပါတယ်”ဟု ဒေါ်စန္ဒာမင်းက ထောက်ပြသည်။ 


အလားတူ တိုင်းလွှတ်တော်မှ ခွင့်ပြုထားခြင်းမရှိသော ရန်ကုန်မြို့သစ် စီမံကိန်းကုမ္ပဏီ (NYDC) မှ လစာစရိတ် သန်း ၅၀၊ အထွေထွေစရိတ် ကျပ် ၇သန်း၊ City Plan စရိတ် ကျပ် ၃၂ သန်း၊ မြို့သစ်စီမံကိန်း စတင်ဆောင်ရွက်ရန် လုပ်ဆောင်သောစရိတ် ကျပ် ၃ သန်း၊ NYDC ကုမ္ပဏီနှင့် C4 ကုမ္ပဏီ လက်မှတ်ထိုးစရိတ် ၁ သန်း အပါအဝင် စုစုပေါင်း ကျပ် ၉၃ သန်း သုံးစွဲထားပြီး လက်ငင်းငွေ ကျပ် ၁၁ ဒသမ ၁၂၁ သန်း ကိုင်ဆောင်ထားခြင်းကြောင့် နိုင်ငံတော်ဘဏ္ဍာငွေများကို မိမိထင်သလို သုံးစွဲထားခြင်းဖြစ်ကြောင်း ဒေါ်စန္ဒာမင်းက ဆိုသည်။ 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ရန်ကုန်မြို့သစ် တည်ဆောက်ရေးလုပ်ငန်းအား အကောင်အထည်ဖော်နိုင်ရန် တိုင်းအစိုးရအဖွဲ့မှ ၅၁ ရာခိုင်နှုန်းထည့်ဝင်ကာ Yangon Metropolitan Development Public ကုမ္ပဏီဖွဲ့စည်းရန် ကျပ် ၆၄ ဘီလီယံ တောင်းဆိုခဲ့သည်။



The Voice  

No comments:

Post a Comment