Wednesday, October 3, 2018

အီးယူက မြန်မာအပေါ် စီးပွားရေးမပိတ်ဆို့ဟု တာဝန်ရှိသူပြောကြား



ကုန်သွယ်မှုအထူးအခွင့်အရေးပေးသည့် GSP ရုပ်သိမ်းခြင်း အပါအ၀င် မြန်မာနိုင်ငံအပေါ် မည်သည့်စီးပွားရေးပိတ်ဆို့မှုမျှ ဆောင်ရွက်မည်မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စား လှယ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက 7Day Daily သတင်းစာအား ပြောကြားသည်။ 
မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုနှင့် ရခိုင်ပြည်နယ် အရေးကိုင်တွယ်ဖြေရှင်းရာတွင် အပြုသဘောဆောင်သည့် ပြတ်သား သောဆောင်ရွက်ချက်များထွက်ပေါ်စေရန် မျှော်လင့်သောကြောင့်ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ 

‘‘မြန်မာနိုင်ငံအနေနဲ့ လက်ရှိရရှိထားတဲ့ GSP ခံစားခွင့်တွေကို ပေါ့ပေါ့တန်တန် အလွယ်တကူရထားတယ်လို့ မထင်မှတ်ဖို့လိုပါတယ်။ ရခိုင်အရေးကိုင်တွယ်ရာမှာ အပြုသဘောဆောင်တဲ့၊ ပြတ်သားတဲ့ ဆောင်ရွက်ချက်တွေ ထွက်ပေါ်လာစေဖို့လည်း ကျွန်ုပ်တို့ မျှော်လင့် လျက်ရှိပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံအပေါ် ဘယ် လိုစီးပွားရေးပိတ်ဆို့မှုများကိုမှ ချမှတ်ရန် အီးယူက ဆုံးဖြတ်ခြင်း မရှိပါ’’ဟု ၎င်းက ဆက်လက်ပြော ကြားသည်။ အီးယူက GSP ရုပ်သိမ်းမည်ကို အထည်ချုပ်လုပ်ငန်းရှင်များ အထူးစိုးရိမ်ကြသည်။ 

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအ သွင်ကူးပြောင်းမှုကို အသိအမှတ် ပြုသောအားဖြင့် ဥရောပဈေး ကွက်အတွင်းသို့ မြန်မာနိုင်ငံကို အပြည့်အ၀ လွတ်လပ်စွာ ၀င် ရောက်ခွင့်ပြု၍ ကုန်သွယ်မှုအထူးအခွင့်အရေး (GSP) ခွင့်ပြုပေးထားသည်။ 

မြန်မာနိုင်ငံက ထိုအခွင့်အရေးကို အပြည့်အ၀ အသုံးချကာ ဥရောပနှင့် ကုန်သွယ်ရာတွင် သွင်းကုန်ထက် ပို့ကုန်ပိုမိုတင်ပို့ကုန်သွယ်နေသည်ဟု ၎င်းက ဆက်ပြောသည်။ 

သို့သော် ထိုအခွင့်အရေး သည် အခြေခံလူသားအခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို လေးစား လိုက်နာခြင်းနှင့် ဆက်စပ်နေသည်ဟု ဥရောပသမဂ္ဂကိုယ်စား လှယ်က သတိပေးသည်။ 

ရခိုင်ပြည်နယ်တွင် ၂၀၁၇ သြဂုတ်က စတင်၍ လုံခြုံရေး တပ်ဖွဲ့များက ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို အစီအစဉ်တကျဖြင့် ဆောင်ရွက်ခဲ့သည်ဟု ကုလလုံခြုံရေးကောင်စီက စွပ်စွဲထားသည်။ 

ထိုအချက်ကို ထောက်ရှု၍ ၂၀၁၈ ဖေဖော်ဝါရီတွင် ဥရောပသမဂ္ဂအဖွဲ့ဝင် ၀န်ကြီးများက မြန် မာနိုင်ငံကို သက်ဆိုင်ရာလူ့အ ခွင့်အရေးစံချိန်စံညွှန်းများနှင့် ညီ ညွတ်စွာဆောင်ရွက်ခြင်းရှိ၊ မရှိ စောင့်ကြည့်မှု ပိုမိုတိုးမြှင့်ရန် တောင်းဆိုခဲ့သည်ဟု ၎င်းက ဆက် လက်ပြောကြားသည်။ 

ဥရောပသမဂ္ဂ (အီးယူ)သည် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ တာဝန်ထမ်းဆောင်သည့် တပ်မတော်အရာရှိ ငါးဦးနှင့် လုံခြုံရေးရဲအရာရှိနှစ်ဦးတို့ကို လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ဇွန်လ ၂၅ ရက်တွင် ဥရောပသမဂ္ဂသို့ လည်ပတ်ခွင့်နှင့် ပိုင်ဆိုင်မှုများကို ထိန်းချုပ်အရေးယူခဲ့သည်။ 

အကောက်ခွန်ဆိုင်ရာအခွင့် အရေးပေးမှုစနစ် (GSP) ဆိုသည်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ သတ်မှတ်အရည်အချင်းနှင့် ကိုက် ညီသည့် ပို့ကုန်ပစ္စည်းများကို ဖွံ့ ဖြိုးပြီး နိုင်ငံများ၏ ဈေးကွက်အ တွင်း အလွယ်တကူဝင်ရောက် လာနိုင်ရန် စီမံပေးခြင်း ဖြစ်သည်။ ထိုနိုင်ငံများမှ ထုတ်ကုန်များကို ဖွံ့ဖြိုးပြီး စက်မှုနိုင်ငံကြီးများက ပုံမှန်ကောက်ခံနေကျ နှုန်းထက် အခွန်လျှော့ကောက်ခြင်း (သို့မဟုတ်) ကင်းလွတ်ကောက်ခံသည့်စနစ် ဖြစ်သည်။


7Day

0 comments:

Post a Comment