သတင်းပေးများသည် ပြည်သူများနှင့်ထိတွေ့သည့်အခါတွင် တရားဝင်ငွေတောင်းခြင်း၊ ဖမ်းဆီးခြင်း၊ ကိုယ်ထိလက်ရောက်ညှဉ်းပန်းနှိပ်စက်ခြင်းများအထိ လုပ်ဆောင်လာ နေကြကြောင်း၊ မုံရွာမြို့ပေါ်တွင် ရက်စက်စွာ သတ်ဖြတ်ခြင်းခံခဲ့ရသည့် သတင်းထောက် ကိုစိုးမိုးထွန်း၏အမှုသည် ယနေ့အထိ တရားခံကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း မင်းကင်းမြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက ပြောကြားသည်။
အောက်တိုဘာ ၂ ရက်က ကျင်းပခဲ့သည့် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ၁၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမမြောက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူများနှင့် တွေ့ဆုံရန် တောတောင်လျှိုမြောင်များကို ဖြတ်သန်းသွားလာနေကြရသည့်အတွက် အချိန်မရွေး အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နိုင်သဖြင့် သတင်းပေးများကို နိုင်နင်းစွာ ထိန်းချုပ်ပေး နိုင်ရန် အစီစဉ် ရှိ၊ မရှိ သိလိုကြောင်း မေးခွန်း မေးမြန်းစဉ်မှာ ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ကြောင်း သိရသည်။
“အင်ဖော်မာများဟာဆိုရင် သူတို့ကို တရားဝင်လုပ်ပိုင်ခွင့် ပေးနေကြတဲ့အနေအထားဖြစ်တဲ့အတွက် ပြည်သူတွေနဲ့ ထိတွေ့တဲ့ နယ်ပယ်မှာ တရားဝင်ငွေတောင်းတာတွေ၊ ပြီးတော့ တရားဝင်ဖမ်းဆီးတာတွေ၊ ပြီးတော့ ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်ခြင်းတွေ လုပ်ဆောင်နေတဲ့အခါကျတော့ နိုင်ငံဝန်ထမ်းတွေထက် ၀င်ငွေကောင်းနေတယ်။ပြီးတော့ အင်ဖော်မာတွေဟာ နိုင်ငံဝန်ထမ်းတွေထက် အရာရောက်နေတယ်။ တစ်နေ့ ထက်တစ်နေ့ အင်ဖော်မာတွေဟာ သူတစ်ပါးကို ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်း စတာတွေ လုပ်ကြဖို့ကို သူတို့က ၀န်မလေးတော့ဘူး။ မုံရွာမြို့ပေါ်မှာ ရက်စက်စွာသတ်ဖြတ်ခြင်း ခံလိုက်ရတဲ့ သတင်းထောက် ကိုစိုးမိုးထွန်းရဲ့အမှုနဲ့ ပတ်သက်လို့လည်း အခုအချိန်အထိ တရားခံ ဖော်ထုတ် မဖမ်းဆီးနိုင်သေးတာကိုလည်း တွေ့ရှိနေရပါတယ်” ဟု မင်းကင်းမြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်းက ပြော ကြားသည်။
လုံခြုံရေး၊ ဒေသတည်ငြိမ်းရေးအတွက် နယ်မြေစိုးမိုးရေးနှင့် တရားဥပဒေစိုးမိုးမှုများကို ဆောင်ရွက်နေကြသည့် အတိုင်းအတာပေါ် နယ်မြေတစ်ရပ်လုံးတွင် ဖြစ်ပေါ်နေသည့်ဖြစ်စဉ်သတင်းများကို လူတစ်ဦးတစ် ယောက် တစ်စုတည်းနှင့် သိရှိရန်အတွက် အလွန်ခက်ခဲကြောင်း၊ ထို့ကြောင့် သတင်းအမှန်ရရှိရေး၊ သတင်းများ အချိန်မီရရှိနိုင်ပါက အကဲဖြတ်ခြင်း၊ အသုံးချခြင်းများကို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်က ဆိုသည်။
“သတင်းပေးများအနေနဲ့ တရားမ၀င်စီးပွားရေး လုပ်ငန်းများနဲ့ပတ်သက်ခြင်း၊ မသမာတဲ့ လုပ်ငန်းများနဲ့ ပူးပေါင်းပြီးတော့မှ လုပ်ပိုင်ခွင့်အာဏာများကို အလွဲသုံးစားပြုလုပ်ပြီးတော့ ဆောင်ရွက်ခဲ့ကြမယ်။ စက်ဆုပ် မုန်းတီးဖွယ်ရာ ပြောဆိုပြုမူဆက်ဆံရတာတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် သတင်းပေးတွေကို ပြန်လည်ဆန်းစစ်ပြီးတော့ အသုံးချနိုင်ရေးကို စီမံဆောင်ရွက်လျက်ရှိပါတယ်။ လိုက်နာမှုမရှိတဲ့ ၀န်ထမ်းများနဲ့ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုလုပ်နေကြတဲ့ သတင်းပေး အင်ဖော်မာများကိုလည်း တိုင်ကြားစာအရလည်းကောင်း၊ စုံစမ်းသိရှိရသော်လည်းကောင်း စစ်ဆေးဖော်ထုတ်ရာမှာ တည်ဆဲဥပဒေများနဲ့အညီ အရေးယူဆောင်ရွက်နေပါတယ်။ မှုခင်းကြိုတင်ကာကွယ်ရေးနဲ့ မှုခင်းစုံစမ်းဖော်ထုတ် ဖြစ်စဉ်များအတွက်လည်းကောင်း၊ နိုင်ငံတော်အတွက် အမျိုးသားအကျိုးစီးပွားကို ထိခိုက်လာခြင်းနဲ့ သတင်းအချက်အလက်များအတွက်လည်းကောင်း၊ သတင်းရရှိပြီးမှ ဆောင်ရွက်ရာမှာ အမှန်တကယ်အကျိုးရှိ အသုံးပြုနိုင်မယ့် သတင်းပေးများကို ရှာဖွေပြီးတော့မှ ပူးပေါင်းဆောင်ရွက်ရန်အတွက်ညွှန်ကြားထားရှိပြီး နောက်ပိုင်းကာလများမှာလည်း သတင်းပေးများအပေါ် လစဉ် နှစ်စဉ်သုံးသပ်ပြီးတော့မှ ဆက်လက်ပြီး အသုံးပြုရန် သင့်၊ မသင့်ကို စိစစ်ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်က ပြောကြားသည်။
ရဲတပ်ဖွဲ့ဝင်များသည် ဖွဲ့စည်းပုံ၏ ၄၅ ရာခိုင်နှုန်းသာရှိသည့်အတွက် ပြည်သူလူထု ပါဝင်သည့် ရဲလုပ်ငန်းစနစ်သည် ထိရောက်စွာ အောင်မြင်မည်ဖြစ်သောကြောင့် ပြည်သူများသည် ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းပါဝင်ကြရန် လိုအပ်ကြောင်း၊ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အချို့မှုခင်းသတင်းထောက်များသည် လုပ်ပိုင်ခွင့်နှင့် ပြည်သူတို့၏ အသိပညာ ဗဟုသုတနည်းပါးမှုများကို အခွင့်အကောင်းယူကာ ငွေကြေးတောင်းခံခြင်းများ ဆောင်ရွက်ခဲ့သည့်အတွက် ပြစ်မှုကျူးကျော်သူများအပေါ် အရေးယူသည့် အခါတွင် လက်ရှိကာလအထိ အမှုပေါင်းကိုးမှုရှိကြောင်း ဗိုလ်မှူးကြီးသန်းထွန်းအောင်၏ ပြောကြားချက်အရ သိရသည်။
ကောင်းခန့်လင်း (မုံရွာ)
Eleven Media Group







0 comments:
Post a Comment