Wednesday, October 31, 2018

ရဲတပ်ဖွဲ့ဝင်များကို ဓားဖြင့်ရန်ပြုခုခံသည့် ရဲဘက်ပြေးကို သေနတ်နှင့် ပစ်ဖမ်း

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၁၀၆ ရပ်ကွက်တွင် ရဲတပ်ဖွဲ့ဝင်များကို ဓားဖြင့်ရန်ပြုခုခံသူ ရဲဘက်ပြေး အမျိုးသားကို ၁၂ ဗို့ ပြောင်းချောသေနတ်နှင့် နှစ်ချက်ပစ်ခတ်ကာ ဖမ်းဆီးခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။ 
သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရသော ရဲဘက်ပြေး အသက် ၂၆ နှစ် စိုးကိုကိုဦး (ခ) ချစ်စုမှာ တွံတေး ရဲဘက်စခန်းမှ ထွက်ပြေးလာသူဖြစ်ပြီး အောက်တိုဘာလ ၃၀ ရက် မွန်းလွဲပိုင်းက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၁၀၆ ရပ်ကွက်၊ ဇေယျာမြိုင်လမ်းရှိ ၎င်းနေအိမ်သို့ ပြန်လည်ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် သွားရောက်ဖမ်းဆီးခဲ့သည်။ 

ယင်းသို့ ဖမ်းဆီးချိန် ရဲဘက်ပြေး အမျိုးသားက ဇေယျာမြိုင်လမ်းနှင့် မြဝတီလမ်းကြားသို့ ထွက်ပြေးသွားပြီး နောက်မှ လိုက်လံဖမ်းဆီးသည့် တပ်ဖွဲ့ဝင်များကို ဓားဖြင့်ပြန်လည်ရန်ပြုခုခံသောကြောင့် ၁၂ ဗို့ ပြောင်းချော သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ကာ ၎င်းကို ဖမ်းဆီးခဲ့ကြောင်း ရဲအရာရှိက ပြောသည်။ 

ပစ်ခတ်ဖမ်းဆီးခံရသူ ရဲဘက်ပြေးအမျိုးသား၏ ဘယ်တင်ပါးတွင် သေနတ်ဒဏ်ရာ ကိုးချက် (မစိုးရိမ်ရ) ရရှိခဲ့ပြီး ၎င်းကို တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များကို ရန်ပြုတိုက်ခိုက်မှုဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မ ရဲစခန်းက အမှုဖွင့်အရေးယူထားသည်။

The Voice

No comments:

Post a Comment