Monday, October 1, 2018

တရားမဝင် ရေသန့်လုပ်ငန်းများကို ချက်ချင်းပိတ်သိမ်းမည်


ရေသန့်ထုတ်နိုင်ဖို့ စံချိန်စံညွန်းတွေနဲ့ အနိမ့်ဆုံးလိုအပ်ချက်ကို ညွှန်ကြားချက်တွေ ထုတ်ပြန်ပေးထားပြီး ဖြစ်တဲ့အတွက် တရားမဝင်ရေ သန့်တွေကို ချက်ချင်းပိတ်သိမ်းမယ်လို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က ပြောပါတယ်။ 
မြန်မာနိုင်ငံရေသန့်ဖွံ့ဖြိုးတိုးတက်ရေးအသင်းရဲ့ပထမအကြိမ်နှစ်ပါတ်လည် ညီလာခံကို စက်တင်ဘာ ၃၀ ရက်က ရန်ကုန်မှာ ကျင်းပခဲ့ရာမှာ တက်ရောက်လာတဲ့ FDA တာဝန်ရှိသူတဦးက ပြောကြားလိုက်တာပါ။ 

စံချိန်စံညွှန်းနဲ့ ထုတ်လုပ်တဲ့ ရေသန့်လုပ်ငန်းတွေကို အားပေးဖို့နဲ့ ရေသန့်အမည်ခံပြီး ရေသန့်ဆိုင်ရာ အဏုဇီဝသတ်မှတ်ချက်တွေအပြင် ဓာတုသတ်မှတ်ချက်တွေနဲ့ မကိုက်ညီတဲ့ တရားမဝင်ရေသန့်လုပ်ငန်းတွေကို ပိတ်သိမ်းမယ်လို့ အစာဆေးဝါးဦးစီးဌာနခွဲ၊ ရန်ကုန် ဒုညွှန်ကြားရေးမှူး ဒေါက်တာ ဥမ္မာစိုးဝင်းကပြောပါတယ်။ 

မြန်မာ့ရေသန့်ဖွံ့ဖြိုးတိုးတက်ရေးအသင်းရဲ့ အတွင်းရေးမှူး ဒေါ်ဝင်းဝင်းမော်ကတော့ ရေသန့်လုပ်ငန်းရှင်တွေကြားမှာ တရားဝင်လုပ်ကိုင်သူတွေက စံချိန်စံညွှန်းပြည့်မှီအောင် ဆောင်ရွက်ရတဲ့အတွက် ကုန်ကျစရိတ်ပိုပြီး တရားမဝင် လုပ်ငန်းရှင်တွေက ဒီကုန်ကျစရိတ်တွေ သက်သာတဲ့အတွက် ဈေးနှုန်းယှဉ်ပြိုင်ရောင်းချရာမှာ တရားဝင်လုပ်ငန်းတွေက နစ်နာရတယ်လို့ ဆိုပါတယ်။ 

တနိုင်ငံလုံးအတိုင်းအတာအရ အစားအသောက်ထုတ်လုပ်ခြင်း aထာက်ခံချက်လက်မှတ် ရရှိပြီးတဲ့ ရေသန့် လုပ်ငန်းပေါင်း ၁၅၀၀ လောက်ရှိပြီး ဒီပမာဏရဲ့ သုံးပုံတစ်ပုံကို ရန်ကုန်မြို့မှာ ထုတ်လုပ် နေတာပါ။ 

မြန်မာ့ရေသန့်ဖွံ့ဖြိုးတိုးတက်ရေးအသင်းအနေနဲ့ တရားမဝင်ရေသန့်လုပ်ငန်းတွေကို အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ပပျောက်အောင် ဆောင်ရွက်သွားမယ်လို့ အသင်းဥက္ကဋ္ဌ ဦးခိုင်မောင်ရည်က ပြောပါတယ်။ 

တရားမဝင်ရေသန့်လုပ်ငန်းတွေကို အစာဆေးဝါးဦးစီးဌာနခွဲက အမှုဖွင့်အရေးယူထားပြီး ရန်ကုန်တိုင်းရှိ မြို့နယ် ၆ မြို့နယ်က တရားမဝင်ရေသန့်လုပ်ငန်းတွေကို အမှုဖွင့် အရေးယူ ထားပါတယ်။ 

မြန်မာနိုင်ငံမှာ ရေသန့်သောက်သုံးတဲ့ အလေ့အထက ယဉ်ကျေးမှုတခုလိုဖြစ်လာပြီး လူဦးရေထူထပ်တဲ့ ရန်ကုန်မြို့ပြမှာ ရေသန့်လိုအပ်ချက်များတဲ့အတွက် အစားအသောက် ထုတ်လုပ်ဖို့ ထောက်ခံချက်လက်မှတ်လျှောက်ထားဆဲ ရေသန့်လုပ်ငန်းပေါင်း ၁၀၀ လောက်ရှိ တယ်လို့ သိရပါတယ်။

DVB

No comments:

Post a Comment