Tuesday, October 2, 2018

အခွန်တိမ်းရှောင်နေသည့် တရုတ်ထိပ်တန်းမင်းသမီး ဖန်ပင်းပင်းအား ဒဏ်ငွေချမှတ်


အခွန်တိမ်းရှောင်နေတဲ့ တရုတ်ထိပ်တန်းမင်းသမီး ဖန်ပင်းပင်းကို ဒဏ်ငွေ ပေးဆောင်ရန် အာဏာပိုင်တွေက အမိန့်ချလိုက်ပြီလို့ သိရပါတယ်။ 
ထိပ်တန်းမင်းသမီး ဖန်ပင်းပင်းဟာ အခွန်တိမ်းရှောင်မှုအတွက် တရုတ်ယွမ် ၈၈၄ သန်း (ကန်ဒေါ်လာ ၁၂၉ သန်း) ပေးဆောင်ရမှာဖြစ်ပါတယ်။ 

ဖန်ပင်းပင်းအနေနဲ့ လာမယ့် ဒီဇင်ဘာလ၊ ၃၁ ရက်မတိုင်ခင် ဒဏ်ငွေပေးဆောင်ပါက အပြစ်ဒဏ် ကင်းလွတ်မှာဖြစ်ကြောင်း ရှင်ဟွာ သတင်းဌာနကပြောပါတယ်။ 

အသက် ၃၇ နှစ်ရှိ တရုတ်ထိပ်တန်းမင်းသမီး ဖန်ပင်းပင်းကို ပြီးခဲ့တဲ့ ဇွန်လကတည်းက လူမြင်ကွင်းမှာ မတွေ့ရတော့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လကတည်းက ဖန်ပင်းပင်းနဲ့ ၎င်းရဲ့ ကိုယ်စားလှယ်ကို အခွန်တိမ်းရှောင်မှုအတွက် စစ်ဆေးမေးမြန်းဖို့ အာဏာပိုင်တွေက ခေါ်ယူထားခဲ့တယ်လို့ သိရပါတယ်။ 

ဖန်ပင်းပင်းကိုတော့ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ဂျီအန်ဆု တရားစီရင်ရေးဌာနမှ လွှတ်ပေးလိုက်တယ်လို့ ခန့်မှန်းသိရှိရပြီး အခြားစုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားဖို့ ဖန်ပင်းပင်းရဲ့ ကိုယ်စားလှယ်ကို အာဏာပိုင်တွေက ခေါ်ယူထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ 

X-Men နဲ့ Iron Man ရုပ်ရှင်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ထိပ်တန်းမင်းသမီး ဖန်ပင်းပင်းဟာ များမကြာမီမှာ ထွက်ရှိမယ့် Air Strike ရုပ်ရှင်ကားအတွက် တရုတ်ယွမ် ၇ ဒသမ ၃ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၁ သန်း)၊ တခြားကိစ္စရပ်တွေအတွက် တရုတ်ယွမ် ၂၄၈ သန်း (ကန်ဒေါ်လာ ၃၆ ဒသမ ၁၁ သန်း) အခွန်ပေးဆောင်ရန် ပျက်ကွက်ခဲ့တဲ့အတွက် ယခုလို လနဲ့ချီ စစ်ဆေးမေးမြန်းခံခဲ့ရတာဖြစ်ပါတယ်။

Mizzima - News in Burmese 

0 comments:

Post a Comment