Tuesday, October 2, 2018

တောင်အာဖရိကမှာ ကျင်းပတဲ့ နေစွမ်းအင်သုံး ကားပြိုင်ပွဲ


တောင်အာဖရိကနိုင်ငံမှာ ၈ ကြိမ်မြောက် နေစွမ်းအင်သုံး ကားမောင်းပြိုင်ပွဲ Solar Challenge ကို ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့ရာမှာတော့ အိမ်ရှင်နိုင်ငံအပါအ၀င် နိုင်ငံပေါင်း ကိုးနိုင်ငံမှာ ပြိုင်ပွဲဝင်တွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ 
Solar Challenge ကတော့ ကမ္ဘာတစ်ဝှမ်းက ဆိုလာစွမ်းအင်အပေါ် စိတ်ပါဝင်စားသူတွေကို တစ်စုတစ်ဝေးတည်းဖြစ်စေတဲ့ စိတ်လှုပ်ရှားစရာ ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ 

ဂျိုဟန်နက်စ်ဘာ့ဂ်ကနေ ကိတ်တောင်းမြို့အထိ မိုင် ၃,၀၀၀ ရှည် ခရီးတစ်ခုကို ယင်း ဆိုလာပါဝါသုံးကားတွေနဲ့ မောင်းနှင်ပြီး ပါဝင်ယှဉ်ပြိုင်ကြရတာဖြစ်ပါတယ်။ 

ရှစ်ရက်တာ ကျင်းပတဲ့ ပြိုင်ပွဲမှာတော့ ပါဝင်ယှဉ်ပြိုင်သူတွေဟာ မြို့ပေါင်း ၁၈ မြို့ကို ဖြတ်သန်းပြီး အမြန်လမ်းမတွေမှာ အခြားကားတွေလိုပဲ မောင်းနှင်ယှဉ်ပြိုင်ကြရတာဖြစ်ပါတယ်။ 

ယင်းခရီးရှည်ကို ကားတွေမှာ နေစွမ်းအင် တစ်မျိုးတည်း သုံးပြီး ယှဉ်ပြိုင်ကြရတာဖြစ်ပါတယ်။ 

ပါဝင်ယှဉ်ပြိုင်တဲ့ ကားတွေကတော့ တောင်အာဖရိက၊ ဆွစ်ဇာလန်၊ နယ်သာလန်၊ တရုတ် စတဲ့ နိုင်ငံတွေက ကျောင်းသားတွေကိုယ်တိုင် ဒီဇိုင်းထုတ် တည်ဆောက်ထားတဲ့ ကားတွေဖြစ်တယ်လို့ သိရပါတယ်။ 

အဆိုပါ ရှစ်ရက်တာပြိုင်ပွဲကတော့ စက်တင်ဘာ ၂၉ ရက်မှာ ပြီးဆုံးခဲ့ပြီး စက်တင်ဘာ ၃၀ ရက်မှာတော့ ဆုချီးမြှင့်ပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

မဇ္ဈိမ


No comments:

Post a Comment