Wednesday, October 31, 2018

ပုပ္ပားတောင်မြေပြိုမှု ဒေါ်အောင်ဆန်းစုကြည်နှင့် ဘူမိဗေဒပညာရှင်များ ယနေ့ဆွေးနွေးမည်

နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယမန်နှစ်က ဖြစ်ပွားခဲ့သော ပုပ္ပားတောင်မြေပြိုမှုဖြစ်စဉ်ကို လေ့လာသည့် ဘူမိဗေဒပညာရှင်များနှင့် ပုပ္ပားတွင် ယနေ့တွေ့ ဆုံဆွေးနွေးမည်ဖြစ်သည်။ 
‘‘နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်သိချင်တာကို တင်ပြပေးဖို့ တော်တော်လေး လုံးပန်းနေရတယ်။ သူဘာတွေများသိချင်လဲ ပေါ့’’ဟု ပုပ္ပားဒေသသို့ ကြိုတင် ရောက်ရှိနေသော ဘူမိဗေဒပညာရှင် ဦးချိုဦးက ပြောသည်။ ဦးချိုဦး ဦးဆောင်သော ဘူမိဗေဒပညာ ရှင်အဖွဲ့သည် ပုပ္ပားတောင်မြေပြို မှုဖြစ်ခဲ့သော ၂၀၁၇ အောက်တိုဘာမှ ယခုအထိ မြေပြင်ကွင်းဆင်းစစ်ဆေးမှုလေးကြိမ် ပြုလုပ်ထားသည်။ 

‘‘မနက်ဖြန်မှာ အတိုင်ပင်ခံ ကိုယ်တိုင် တောင်ကလပ်ထိပ်အထိ တက်မယ်တဲ့။ ကျွန်တော်တို့က တော့ လုံခြုံရေးယူပေးရမယ်’’ဟု ကျောက်ပန်းတောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဝင် ဦးလင်းလင်းက အောက်တို ဘာ ၃၁ ရက် ညနေတွင် ပြော သည်။ 

အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပုပ္ပားခရီးစဉ်အတွက် ရဲတပ်ဖွဲ့ဝင်အများအပြား လုံခြုံရေးစောင့်ကြပ် နေသည်ကို တွေ့ရသည်ဟု ပုပ္ပား တောင်ကလပ်အနီး နေထိုင်သူများက ပြောသည်။ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စား လှယ်များနှင့် ကျောက်ပန်းတောင်း မြို့နယ်အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီဝင်များ ပါဝင်သော အစည်းအဝေးကို အောက်တိုဘာ ၃၁ ရက်က ပြုလုပ်ခဲ့သည်။ 

၂၀၁၇ စက်တင်ဘာနှင့် အောက်တိုဘာအတွင်း ပုပ္ပားဒေ သ၌ မိုးသည်းထန်စွာ ရွာသွန်းပြီး နောက် တောင်ကလပ်နှင့် မလှမ်း မကမ်းရှိ ပုပ္ပားတောင်မကြီး၏ ရွာအချို့တွင် မြေပြိုမှုနှင့် မြေကျွံမှုများ စတင်ဖြစ်ပေါ်ခဲ့သည်။ တောင်ကလပ်အနီး အောင်သိဒ္ဓိကုန်း နေရာရှိ ၁၅ ပေခန့်ကျယ်သည့် ကတ္တရာလမ်းသည် နှစ်ပေမှ သုံးပေခန့် ရုတ်တရက် နိမ့်ကျသွား သည်အထိ မြေပြိုမှု ဆိုးရွားခဲ့ သည်။ ယင်းဖြစ်ရပ်ကို ဦးချိုဦး ပါဝင်သော ဘူမိဗေဒပညာရှင်အ ဖွဲ့က မန္တလေးတိုင်းဒေသကြီးအ စိုးရနှင့် တွေ့ဆုံညှိနှိုင်းကာ မြေပြင် ကွင်းဆင်းစစ်ဆေးပြီး အစီရင်ခံ စာတစ်စောင် ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာတွင် ပုပ္ပားတောင် ဧရိယာသည် သဘာဝအလျောက် မြေပြိုနိုင်သည့်နေရာဖြစ်ပြီး မြေ ပြိုမှုဘေးအန္တရာယ်လျော့နည်းစေ ရေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကို စနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သဘာဝရေထွက် တွင်းများလည်း ရှိနေပြီး တောင်၏ ရေစီးရေလာကောင်းမွန်ရေးနှင့် အဆောက်အအုံများ ဆောက်လုပ် ရာတွင် စနစ်တကျ တည်ဆောက် ရေးအတွက် အစီအစဉ်တကျ ဆောင်ရွက်သင့်ကြောင်း အကြံ ပြုထားသည်။ ၁၉၉၉ နှင့် ၂၀၀၆ ကလည်း ယခုကဲ့သို့ မြေပြိုမှုမျိုး ပုပ္ပားတောင်၌ ဖြစ်ဖူးပြီး ယင်း ကာလတွင် ပုပ္ပားတောင်ထိန်း သိမ်းရေးလုပ်ငန်းများ ကောင်းမွန် စွာ မလုပ်ဆောင်ခဲ့ဟု ထောက်ပြ သတိပေးထားသည်။ 

ပုပ္ပား တောင်မကြီးသည် ၄,၉၈၁ ပေမြင့်ပြီး တောင်မကြီး၏ တောင်ဘက်အခြေတွင် ၂,၄၁၇ ပေမြင့်သော ပုပ္ပားတောင်ကလပ်ရှိသည်။ တောင်ကလပ်သည် ပုပ္ပားတောင်မကြီး၏ အရန်မီးတောင်တစ်ခုဖြစ်ပြီး ချော်ရည်များအေးခဲရာမှ ဖြစ်ပေါ်လာခြင်းကြောင့် အလွန်ခိုင်ခံ့သောကျောက်သားဖြစ်ကြောင်း ဘူမိဗေဒပညာရှင်များက ဆိုသည်။ 

ဒေါ်အောင်ဆန်းစုကြည် သည် တောင်ကလပ်နှင့် မလှမ်းမကမ်းရှိ ပုပ္ပား-ကျောက်ပန်း တောင်း-မြင်းခြံ သုံးပွင့်ဆိုင်လမ်း ခွဲအနီး ၎င်းပိုင်သော ခြံဝင်းတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အ မည်ဖြင့် အသက်မွေးမှုသင်တန်း ကျောင်းဖွင့်လှစ်ထားသည်။ 

‘‘ဒီတစ်ခါလည်း အမေစုကို ခြံထဲ လာလည်စေချင်တယ်။ ခြံထဲမှာ အခုဆို ဒေါင်းတွေတောင် မွေးထားတယ်’’ဟု ခြံ၏လုံခြုံရေး စောင့်ကြပ်ပေးနေသော ကိုမင်းစံ က ပြောသည်။ 

အောက်တိုဘာ ၁၅၊ ၁၆ ရက်တွင် ပြုလုပ်ခဲ့သော ထိပ်သီး ဆွေးနွေးပွဲကိုလည်း ပုပ္ပားတွင် ကျင်းပရန် ယခင်က စီစဉ်ခဲ့သော် လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးထား သော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၏ တောင်းဆိုမှု ကြောင့် နေပြည်တော်သို့ ပြောင်း ရွှေ့ကျင်းပခဲ့သည်။

7Day

No comments:

Post a Comment