မောင်တောနှင့် တောင်ပြိုအကြား ပြေးဆွဲနေသော လိုင်းကားတစ်စီးပေါ်တွင် လိုက်ပါလာသော ဘင်္ဂလာဒေ့ရှ်နိုင်သား ရခိုင်လူမျိုးနှစ်ဦးကို မောင်တောမြို့နယ် ကျီးကန်းပြင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ် စစ်ဆေးရေးဂိတ်တွင် စက်တင်ဘာ ၂၈ ရက်နေ့က ဖမ်းဆီးလိုက်သည်ဟု သိရသည်။
ဖမ်းစီးခံထားရသူများမှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဘင်ဒရိုဘင်ခရိုင်မှ သာလှမောင် (၄၇)နှစ်နှင့် ဦးပိုင်ဖြူစံ(၂၈)နှစ် တို့ဖြစ်ကြသည်ဟု သိရသည်။
၎င်းတို့နှစ်ဦးထံမှ မလေးရှားနိုင်ငံသုံး ရင်းဂစ်ငွေ(၂၉၀) ထိုင်းနိုင်ငံသုံးဘတ်ငွေ(၁၀) ဘင်္ဂလာဒေ့ရှ်နိုင်ငံသုံး တာကာ(၃၀၀၀၀)ကို အသီးသီးသိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
ပြင်ဖြူစခန်းသို့ဆက်သွယ်ရာ ဒုရဲအုပ်အဆင့်ရှိသူ တစ်ဦးက ဘင်္ဂလာဒေ့ရှ် နိုင်ငံသား ၂ ဦးဖမ်းမိခြင်းကို အတည်ပြုသော်လည်း သူ့မှာ တာဝန်ကျလာသည်မှာ မကြာသေးသဖြင့် အထက်သို့သာ မေးပါဟု ပြောကာ ဖုန်းချသွားခဲ့သည်။
မောင်တောအခြေစိုက် သတင်းထောက် ကိုအောင်ကျော်မင်းအား ဆက်သွယ်မေးမြန်းရာ ဖမ်းဆီးခြင်းမှာ မှန်ကန်ကြောင်း ပြောကြားသည်။
၎င်းတို့ နှစ်ဦးသည် မလေးရှားမှ အလုပ် လုပ်ပြီး မိခင်ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ မြန်မာနိုင်ငံမှ တစ်ဆင့် ပြန်လာရန် ၀င်ရောက်လာသူများဟု သိရသည်။
၎င်းတို့ ၂ ဦးကို လ၀က ဥပဒေ ပုဒ်မ ၁၃(၁)ဖြင့် တရားစွဲဆိုသွားမည်ဟုလည်း သိရသည်။
Narinjara







0 comments:
Post a Comment