Wednesday, October 3, 2018

ရန်ကုန်တိုင်းအစိုးရ ပြည်သူ့ဘဏ္ဍာငွေကို ခွင့်ပြုချက်မရှိဘဲ သုံးစွဲနေဟု လွှတ်တော်အမတ်များဆို



ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် အပ်နှင်းထားသည့် အခွင့်အာဏာထက် ကျော်လွန်လုပ်ဆောင်မှုများရှိနေပြီး ပြည်သူ့ဘဏ္ဍာငွေများကို ခွင့်ပြုချက်မရှိဘဲ သုံးစွဲနေသည်ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက အောက်တိုဘာ ၂ ရက်က ကျင်းပခဲ့သော လွှတ်တော်အစည်းဝေးတွင် ထောက်ပြဝေဖန်လိုက်သည်။ 
ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီအတွက် ဘတ်စ်အစီးရေ ၁,ဝဝဝ ခန့်ဝယ်ယူရန် လွှတ်တော်က တိုင်းဒေသကြီးအစိုးရအား ဘီလျံ ၇ဝ အသုံးပြုခွင့်ပေးထားခဲ့သည်။ 

သို့သော်လည်း သတ်မှတ်ဘတ်စ်အစီးရေနှင့် ကျောင်းသား ကြို၊ ပို့ယာဉ် အစီး ၂ဝဝ ဝယ်ယူရန် လောက်ငှမှုမရှိသဖြင့် ဧရာဝတီဘဏ်မှ ရှစ်ဘီလျံနှင့် ကမ္ဘောဇဘဏ်မှ ကျပ်သန်းပေါင်း ၅,၅ဝဝ ကို လွှတ်တော်သို့ တင်ပြခြင်းမရှိဘဲ ချေးယူသုံးစွဲထားသည်ကို စာရင်းစစ်ချုပ်အဖွဲ့က စစ်ဆေးတွေ့ရှိခဲ့သည်။ 

''ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းကို ကျော်လွန်ပြီး မိမိသဘောဖြင့် လူပုဂ္ဂိုလ်အရ ချေးထားသော ငွေများဖြစ်ပါသောကြောင့် ပြန်လည်ပေးဆပ်ရန် လွှတ်တော်က သဘောမတူပါကြောင်း လွှတ်တော်ဥက္ကဌကြီးမှတစ်ဆင့် တင်ပြလိုပါတယ်''ဟု ဆိတ်ကြီးခနောင်တိုမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောသည်။ 

တိုင်းဒေသကြီးအစိုးရအနေဖြင့် ခွင့်ပြုထားသည့် ဘဏ္ဍာငွေ မလုံလောက်မှုကြောင့် အခြားသော အရင်းအမြစ်တစ်ခုမှ ဘဏ္ဍာငွေ ချေးယူမှုပြုရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃ဝ အရ လွှတ်တော်ကို တင်ပြပြီး အတည်ပြုချက် ရယူရမည်ဖြစ်သည်ဟု ဒေါ်စန္ဒာမင်းက လွှတ်တော်အစည်းအဝေးတွင် ပြောခဲ့သည်။ 

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အများပြည်သူဘဏ္ဍာငွေများဖြင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ခွင့်ပြုပေးထားသော ရန်ကုန်အများပြည်သူ သယ်ယူပို့ဆောင်ရေးအများပိုင်ကုမ္ပဏီအနေဖြင့်လည်း အဆိုပါချေးငွေများ ပြန်လည်ပေးဆပ်ရန်အတွက် လုံးဝတာဝန်မရှိကြောင်း ၄င်းက ပြောခဲ့သည်။ 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ငွေပင်လယ် စက်မှုဇုန်လုပ်ငန်း ဖော်ဆောင်ရေးလုပ်ငန်းကို လွှတ်တော်ခွင့်ပြုချက်ရယူခြင်းမရှိဘဲ နိုင်ငံတကာတင်ဒါများခေါ်ယူရွေးချယ်ပြီး လုပ်ငန်းဖော်ဆောင်ရန် ၂ဝ ရာခိုင်နှုန်း ထုတ်ပေးထားခြင်းသည် လုပ်ထုံးလုပ်နည်းများကို ကျော်လွန်ပြီး လုပ်ဆောင်နေခြင်းဖြစ်သည်ဟုလည်း ဒေါ်စန္ဒာမင်းက ထောက်ပြဆွေးနွေးခဲ့သည်။ 

အဆိုပါ စက်မှုဇုန်လုပ်ငန်း ဖော်ဆောင်မည့် မြေယာများသည် သိမ်းယူထားသည့် မြေယာများဖြစ်သည့်အတွက် လျော်ကြေးငွေကိစ္စများ မပြီးပြတ်သေးခြင်း၊ အခြားနည်းသုံးစွဲခြင်းအတွက် ခွင့်ပြုချက်မရသေးခြင်း၊ လုပ်ငန်းဖော်ဆောင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်မရှိသေးသည့်အပြင် စက်မှုမြေဂရန်အဖြစ်လည်း ခွင့်ပြုချက်မရရှိသေးသော မြေများဖြစ်သည်ဟု ဒေါ်စန္ဒာမင်းက ပြောသည်။ 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးစီးတည်ထောင်ထားသည့် Yangon Metropolitan Development Public Co.Ltd (YMD) သည်လည်း ရှေးဦးအသုံးစရိတ်များ သုံးစွဲထားပြီးဖြစ်သည်ကို စာရင်းစစ်ချုပ်အဖွဲ့က တွေ့ရှိခဲ့သည်။ 

မြေပြင်တွင် မည်သည့်လုပ်ငန်းမှ လုပ်ဆောင်ပေးခြင်းမရှိဘဲ အခမ်းအနားနှင့် အခြားကုန်ကျစရိတ် ၅၉ သန်း၊ လူမှုရေးကုန်ကျစရိတ် ၁၉၅ သန်း၊ စာရင်းစစ်စရိတ် ကုန်ကျငွေအတွက် ၃၃ သန်း စသည်ဖြင့် စုစုပေါင်းကုန်ကျငွေ ၁,ဝ၁၇ ဒသမ ၃၅ သန်းကို သုံးစွဲထားပြီးဖြစ်သည်ကို တွေ့ရှိခဲ့ရသည်ဟု ဒေါ်စန္ဒာမင်းက ပြောသည်။ 

YMD ကုမ္ပဏီအတွက် ချထားပေးသည့် အစုရှယ်ယာမတည်ငွေများအား မိမိစိတ်ကြိုက်အသုံးပြုနေခြင်းနှင့် ပြည်သူပိုင်ဘဏ္ဍာငွေများကို စည်းမျဉ်းစည်းကမ်းအတိုင်း မသုံးစွဲခြင်းတို့ကြောင့် နိုင်ငံတော်ဘဏ္ဍာငွေများ ဆုံးရှုံးသွားနိုင်သည်ကို တွေ့ရှိရသည်ဟုလည်း ၄င်းက ပြောသည်။ 

''ထိုကဲ့သို့ ဆုံးရှုံးသွားရင် တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား၊ ဝိုင်အမ်ဒီကုမ္ပဏီကို တာဝန်ယူထားတဲ့ ဒါရိုက်တာအဖွဲ့အနေနဲ့ ဆုံးရှုံးသွားတဲ့ ပြည်သူ့ဘဏ္ဍာငွေတွေအတွက် တာဝန်ခံဖို့လိုပါကြောင်း လွှတ်တော်ဥက္ကဌကြီးမှတစ်ဆင့် တင်ပြလိုပါတယ်''ဟုလည်း ဒေါ်စန္ဒာမင်းက ပြောသည်။ 

ထို့ပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့သည် New Yangon DevelopmentCo.Ltd ကို လွှတ်တော်ခွင့်ပြုချက်မယူဘဲ တည်ထောင်ခဲ့သည့်အပြင် အဆိုပါကုမ္ပဏီသည် ဝင်ငွေရရှိမှုမရှိသေးဘဲ လစာစရိတ်များ၊ အထွေထွေကုန်ကျစရိတ်များ၊ မြို့တော်အစီအစဉ်များ၊ ကုမ္ပဏီဖွင့်လှစ်ခြင်းများနှင့် အခြားကုမ္ပဏီတစ်ခုနှင့် သဘောတူလက်မှတ် ရေးထိုးခများအတွက် စုစုပေါင်းကုန်ကျစရိတ် ၉၃ သိန်းထိ သုံးစွဲထားပြီး၊ ၁၁ ဒသမ ၁၂ သန်းကို လက်ဝယ်ကိုင်ဆောင်ထားသည်မှာ နိုင်ငံတော်ဘဏ္ဍာငွေကို မိမိထင်သလို သုံးစွဲထားသည်ဟုလည်း ဒေါ်စန္ဒာမင်းက ထောက်ပြခဲ့သည်။ 

နိုင်ငံတော်ဘတ်ဂျက်ငွေများကို ကုမ္ပဏီများဖွဲ့စည်းပြီး ဒါရိုက်တာများက ၄င်းတို့ဆန္ဒသဘောဖြင့် ငွေကြေးများသုံးစွဲနေမှုကြောင့် လွှတ်တော်က ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ချထားပေးသည့် ၆၄ ဘီလျံသည် အမြတ်ငွေမရှိဘဲ ဆုံးရှုံးသွားနိုင်သည်ဟုလည်း မရမ်းကုန်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောခဲ့သည်။ 

ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂ဝ၁၆−၁၇ ခုနှစ် ဘဏ္ဍာနှစ်စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးတို့က အောက်တိုဘာ ၂ ရက် အစည်းအဝေးတွင် ပါဝင်ဆွေးနွေးခဲ့ကြသည်။ 

The Myanmar Times

0 comments:

Post a Comment