Wednesday, October 3, 2018

စစ်ကိုင်းဒေသကြီး ဗန်းမောက်မြို့နယ် ဇလုံတောင်တွင် ‘ခမိုး’ ကြားစခန်း တည်ဆောက်မည်



ဗန်းမောက်မြို့နယ် ဇလုံတောင်တွင် ‘‘ခမိုး’’ ကြားစခန်းတည်ဆောက်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ 
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်အတွင်းရှိဇလုံတောင်သို့ လာရောက်မည့် ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ အဆင်ပြေစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဇလုံတောင်အတက်နေရာတွင် စားသောက်ဆိုင်ခန်းများ၊လူနေအိပ်ဆောင်များ၊ ကားရပ်နားကွင်း၊ အမှတ်တရလက်ဆောင်ပစ္စည်းအရောင်းဆိုင်များ ပါဝင်မည့် ‘‘ခမိုး ‘‘စခန်းတစ်ခုကို ယခုနှစ်အတွင်း ပြုလုပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ 

‘‘ဇလုံတောင်မှာ ကျိုက်ထီးရိုးက ကင်းပွန်းစခန်းလိုပုံစံမျိုး ‘‘ခမိုး’’စခန်းဆိုပြီး တည်ဆောက်ဖွင့်လှစ်ဖို့ရှိပါတယ်။ အဝေးက လာမယ့်ကားတွေရပ်နားဖို့ ကားကွင်းတစ်ခု၊ တောင်တက်ကားကွင်းတစ်ကွင်း၊ စားသောက်ဆိုင်ခန်းတွေပါမယ်။ အနားယူအပန်းဖြေမယ့် နေရာတွေပါမယ်။ ကျန်းမာရေးစောင့်ရှောက်ပေးဖို့ နေရာတွေ၊ လက်ဆောင်ပစ္စည်းအရောင်းဆိုင်တွေ၊ တည်းခိုလို့ရမယ် အိပ်ဆောင်တွေ ထည့်သွင်းတည် ဆောက်သွားမှာပါ။ ဒီနှစ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့က လုပ်ဆောင်သွားမှာပါ’’ ဟု စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးအောင်သူဦးက ပြောကြားသည်။ 

၂၀၁၇ ခုနှစ်အတွင်း ဗန်းမောက်မြို့နယ် ဇလုံတောင်သို့ ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည် နှစ်သိန်းကျော် လာရောက်လည့်ပတ်ခဲ့ကြောင်း ယခုနှစ်တွင်ခရီးသွား ဧည့်သည်ပိုမိုလာရောက် လည်ပတ်မည်ဟု မျှော်လင့်ထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တိုင်းဒေသကြီးအစိုးရက စစ်ကိုင်း၊ ရွှေဘို၊မုံရွာ၊ ကသာ၊ကလေး၊ ခန္တီးမြို့နယ်များအား ခရီးသွားဇုန်ခြောက်ခုအဖြစ် ၂၀၁၇ သြဂုတ်မှစတင်ကာ ဖော်ဆောင်ခဲ့ကြောင်း သိရသည်။ 

ရန်ပိုင်

Eleven Media Group

0 comments:

Post a Comment