Wednesday, October 3, 2018

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ အမှတ်တံဆိပ်နှင့် သင်္ကေတကို အလွဲသုံးမှုများ ရှိနေကြောင်း နိုင်ငံတော်သမ္မတပြော


မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ အမှတ်တံဆိပ်နှင့် သင်္ကေတကို အလွဲသုံးမှုများ ရှိနေကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်သည်။ 
အောက်တိုဘာလ ၂ ရက်တွင် နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း နာယက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါ်မြသူ၊ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် အချိန်ပြည့်၊ အချိန်ပိုင်း အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် တွေ့ဆုံချိန်တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ အမှတ်တံဆိပ်နှင့် သင်္ကေတကို အလွဲသုံးမှုနှင့် ပတ်သက်၍ မိမိအနေဖြင့် အကြံပြုလိုသည်မှာ ယင်းနှင့်စပ်လျဉ်းသည့် ဥပဒေကို အသစ်ပြန်လည် ရေးဆွဲခြင်း သို့မဟုတ် ပြင်ဆင်ဖြည့်စွက်ခြင်းစသည်ဖြင့် မည်သို့ဆောင်ရွက်သင့်သည်ကို စဉ်စားစေလိုကြောင်း၊ ပြင်ဆင်မည်ဆိုပါက ခေတ်စနစ်နှင့် လျော်ညီအောင် ပြင်ဆင်ရမည်ဖြစ်သလို ဥပဒေတစ်ခုအနေဖြင့် ရာနှုန်းပြည့် မပြည့်စုံနိုင်ဘဲ လိုအပ်ပါက နည်းဥပဒေများကို သက်ဆိုင်ရာ ဝန်ကြီးဌာနက ဆက်လက် ပြဋ္ဌာန်းရကြောင်း၊ လိုအပ်လျှင် လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်၍ ဆောင်ရွက်နိုင်ကြောင်း သမ္မတ က ဆက်လက် ပြောကြားသည်။ 

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ အနေဖြင့် တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ဥပဒေနှင့် အညီ အသုံးချပြီး တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အထိ ကျစ်လစ်ခိုင်မာ တောင့်တင်းသည့် အဖွဲ့အစည်းများအဖြစ် အဆင့်ဆင့် ဖွဲ့စည်း ဆောင်ရွက်သွားစေလိုကြောင်း၊ လူမှု ဂရုဏာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လူငယ်များကို စနစ်တကျ ပြုစုပျိုးထောင် ပညာပေးစေလိုကြောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့မှတစ်ဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများဖြင့် ဆက်သွယ်ဆောင်ရွက်စေလိုကြောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအတွက် လိုအပ်သည့် ရန်ပုံငွေကိုလည်း ဝန်ကြီးဌာန၏ တင်ပြချက်အပေါ်တွင် တတ်စွမ်းသရွေ့စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတ က ဆက်လက်ပြောကြားခဲ့သည်။ 

 အောင်သူရိန် (အကုန်သိသတင်းဌာန)

0 comments:

Post a Comment