Wednesday, November 28, 2018

ဖမ်းဆီးထားသည့် ယူကရိန်း ရေတပ်သားများ၏ရုပ်သံ ရုရှား ဖြန့်ချိ


ရုရှားကဖမ်းထားတဲ့ ယူကရိန်း ရေတပ်သားတွေဟာ နိုဝင်ဘာ ၂၅ ရက်က ကာ့ခ်ျ ရေလက်ကြားမှာ လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို ပြန်ပြောပြနေတဲ့ ရုပ်သံကို ရုရှားပြည်ထောင်စု လုံခြုံရေးဌာန (FSS) က ဖြန့်ချိလိုက်ပါတယ်။ 
သိမ်းဆည်းခံ သင်္ဘောတစီးကနေ အဖမ်းခံရသူ ၃ ယောက်က မတူတဲ့ ၃ နေရာကနေ စကားပြောနေပုံ ရုပ်သံကို ရုရှားမီဒီယာက နိုဝင်ဘာ ၂၇ ရက်မှာ ထုတ်လွှင့် ပြသခဲ့တာပါ။ 

ဖမ်းဆီးခံတွေက သူတို့စိတ်နဲ့သူတို့ လွတ်လွတ်လပ်လပ် ပြောခဲ့တာ ဟုတ်မဟုတ်ကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုနိုင်မှု မရှိသေးပါဘူး။ 

ရုရှားက ခရိုင်းမီးယားဒေသ ကမ်းလွန်ပင်လယ်ကနေ သိမ်းပိုက်ထားတဲ့ ယူကရိန်း ရေတပ်သင်္ဘော ၃ စီးကို ပင်လယ်နက်ကျွန်းဆွယ်က ကာ့ခ်ျဆိပ်ကမ်းမှာ ထိန်းသိမ်းထားတယ်လို့ ရိုက်တာသတင်းဌာနရဲ့ မျက်မြင်သက်သေက နိုဝင်ဘာ ၂၆ ရက်မှာ ပြောပါတယ်။ 

ရေတပ်ဝတ်စုံဝတ်ထားတဲ့ လူတွေကို သင်္ဘောတွေနားမှာ မြင်ရပြီး သင်္ဘောတွေမှာ ပျက်စီးတဲ့လက္ခဏာ မတွေ့ရဘူးလို့ မျက်မြင်သက်သေက ပြောပါတယ်။ 

ယူကရိန်းရဲ့ ခရိုင်းမီးယားဒေသကို ရုရှားက ၂၀၁၄ မှာ သိမ်းပိုက်ပြီး ယူကရိန်း အရှေ့ပိုင်းကို သိမ်းပိုက်ထားတဲ့ ရုရှားလိုလားတဲ့ သူပုန်တွေကို ထောက်ပံ့နေလို့ နှစ်နိုင်ငံ ဆက်ဆံရေး ဆိုးရွားနေတာပါ။ အခုဖြစ်ရပ်ကတော့ ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံကို ပွင့်လင်းတဲ့ ပဋိပက္ခ အခြေအနေဆီ တွန်းပို့ခဲ့ပါတယ်။

DVB

No comments:

Post a Comment