Thursday, November 29, 2018

ဖားကန့်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုဖွံ့ဖြိုးရေး ကျပ်သန်း ၂၄၀၀ ကျော်သုံး


ဖားကန့်နှင့် လုံးခင်းရတနာနယ်မြေတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် တိုင်းရင်းသားများ လူမှုဖွံ့ဖြိုးတိုးတက်ရေး ကျပ်သန်း ၂၄၁၈ ဒသမ ၂၆ သန်း အသုံးပြုဆောင်ရွက်လျက်ရှိကြောင်း ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင်က ပြောကြားသည်။ 
နိုဝင်ဘာ ၂၈ ရက်ကပြုလုပ်သည့် ပြည်နယ်လွှတ်တော် အထူးအစည်းအဝေးတွင် ဖားကန့်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်အမတ် ဦးလဆိုင်းက မြို့နယ်အတွင်း ကျောက်မျက်တူးဖော်သည့် လုပ်ငန်းများကြောင့် ဖြစ်လာသည့် အကျိုးဆက်များအပေါ် တာဝန်ခံသောလုပ်ငန်း CSR ရန်ပုံငွေသုံးစွဲမှု ပွင့်လင်းမြင်သာမှုရှိရန် မေးမြန်းမှုနှင့်ပတ်သက်၍ ဝန်ကြီးက ယင်းသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။ 

“CSR ရန်ပုံငွေတွေနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရအနေနဲ့ လုံးခင်း၊ ဖားကန့်နယ်မြေအတွင်း ဥရုချောင်းထိန်းသိမ်းရေးလုပ်ငန်း ၁၃ ခု ၊ ပညာရေး၊ ကျန်းမာရေးနဲ့ ဖွံ ဖြိုးရေးလုပ်ငန်း ၂၆ ခုမှာ သုံးစွဲနေတာဖြစ်တယ်'”ဟု ဝန်ကြီးက ဖြေကြားသည်။ 

အဆိုပါ CSR ရန်ပုံငွေဖြင့် လုံးခင်း ဖားကန့်နယ်မြေအတွင်း ဥရုချောင်းထိန်းသိမ်းရေးလုပ်ငန်း ၁၃ ခုအနက် ၂ ခုကို ပြီးစီးပြီဖြစ်၍ ကျန်လုပ်ငန်းများမှာ ဆက်လက်လုပ်ဆောက်နေဆဲဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ၂၆ ခုအနက် ၄ ခုကို ပြီးစီး၍ ဆက်လက်အကောင်ထည်ဖော် ဆောင်ရွက်နေဆဲဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။ 

လွှတ်တော်ကိုယ်စားလှယ် ဦးလဆိုင်းက “အဲဒီရန်ပုံငွေဟာ ပြည်သူ့ဘဏ္ဍာဖြစ်တဲ့အတွက် ပြည်သူရဲ့ဘဏ္ဍာငွေတွေ အလေအလွင့်မဖြစ်အောင် လွှတ်တော်ကိုယ်စားလှယ်တွေက လုပ်ငန်းတွေ အလေအလွင့်မရှိအောင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရတာဖြစ်တဲ့အတွက် မေးမြန်းရတာဖြစ်တယ်'”ဟု ပြောသည်။ 

အဆိုပါ CSR ရန်ပုံငွေသည် ဖားကန့်ဒေသမှာ လုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်များမှ ထည့်ဝင်ထားတဲ့ရန်ပုံငွေများဖြစ်ပြီ လက်ရှိမှာ ၂၄၁၈.၂၆ သန်းအသုံးပြု၍ ကျပ်သန်းပေါင်း တစ်ရာကျော် ကျန်ရှိနေသေးကြောင်း သိရသည်။ 


ဓာတ်ပုံ - ရွှေသိန်း
The Voice

No comments:

Post a Comment